September 20, 2024

၆. ၉. ၂၀၂၄
Written by Nyein Kyaw

သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီ ပေါ်ဆန်းဆန်များနှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့ကြီးများရှိ ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေပြီး သတ်မှတ်ဈေးထက် ပို၍ရောင်းချမှုကို ကြုံတွေ့ရပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မြို့နယ်အလိုက် ဆန်ဆိုင်များ ခွဲဝေတာဝန်ပေးပြီး၊ အဆိုပါ မြို့နယ်ရှိ ဆန်ဆိုင်များမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အနီးတဝိုက်ရှိ အိမ်ထောင်စုများထံ Cash on Delivery (ပစ္စည်းရောက် ငွေချေ) စနစ်ဖြင့် အိမ်အရောက် ဖြန့်ဖြူးရောင်းချ‌နေသလို စားသုံးသူ မိဘပြည်သူများအနေဖြင့် ဝယ်ယူရန် အခက်အခဲရှိလျှင်ဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းထက် ပို၍ရောင်းချမှုကို ကြုံတွေ့လျှင် ဖြစ်စေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းများ ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉- ၄၀၀၀၆၇၂၆၀၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်အကြောင်းကြားရန် အသိပေးထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ၁၀ ကီလိုအိတ်၊ ၅ ကီလိုအိတ်များဖြင့် စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့များသို့ ဖြန့်ဖြူးပေးခြင်း၊ လက်လီဆိုင်များမှတစ်ဆင့် ဈေးကွက်အတွင်း ပေးပို့ရောင်းချခြင်း ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *