September 20, 2024

၅.၉.၂၀၂၄
Written by Hey Mar

စိတ်ကျန်းမာရေးမကောင်းတဲ့ အိမ်ခြေမဲ့ သက်လတ်ပိုင်း အမျိုးသမီး‌ကို ဖြားယောင်း ကာမရယူဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ဂက်စ် တန်းစီနေတဲ့ ပရဟိတတက္ကစီအသင်းမှ တာဝန်ရှိအဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးကူညီ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်မြို့၊ ထောက်ကြံ့မြို့ရှောင်လမ်း၊ စိန်ရွှေကုန်းရပ်ကွက်ကြား၊ YBS 116 ဂိတ်ရင်းနဲ့ ခပ်လှမ်းလှမ်းက လမ်းဘေး နားနေဆောင်လို ဇရပ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ တက္ကစီယာဉ်မောင်းက မသင်္ကာဖွယ် အခြေအနေကို သူ့ကား CNG ရရှိဖို့တန်းစီနေရင်း တွေ့တာလို့ ဆိုပါတယ်။

အဆိုပါ တက္ကစီယာဉ်မောင်း ကိုမောင်ဦးက “ကျွန်တော်နဲ့က ခပ်လှမ်းလှမ်းပေမယ့် တွေ့နေရတယ်ဗျာ။ မူက မမှန်ဘူး။ အဲ့ဒီကလေးမက အဲ့နားမှာနေတာ။ ကျွန်တော် မကြာခဏ ဂက်စ်တန်းစီရင်းလည်း မြင်ဖူးတယ်။ အနီးအနားက ထမင်းဆိုင်တွေက ထမင်းကျွေးတာလည်း တွေ့ဖူးတယ်ပေါ့ဗျာ။ အမှုမဲ့ အမှတ်မဲ့ပေမယ့် ဒီနေ့ကြ ဂက်စ်တန်းစီရင်း အဲ့ဒီလူနဲ့ ကလေးမက အတူသွားတာဗျာ။ လူမြင်ကွင်း နေ့ခင်း ဆိုပေမယ့် မျက်ကွယ်တွေရှိတယ်။ ဒီကောင် အရူးကို ဘာလုပ်ချင်တာလဲဆိုပြီး ကျွန်တော်တို့အဖွဲ့က တခြား တက္ကစီသမားတွေပါ ခေါ်ပြီး သွားလိုက်တာ။ မဖြစ်မြောက်သွားပေမယ့် အောက်ပိုင်း အဝတ်မဲ့တဲ့ အနေအထားနဲ့ တွေ့တာ။ ဝိုင်းရိုက်တာတွေ မလုပ်ပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ်အပ်တော့ အနည်းအကျဉ်း ဆုံးမမေးမြန်းတာတော့ ရှိတာပေါ့” လို့ MT News ကို ဆက်သွယ် ပြောပြပါတယ်။

ဖြားယောင်း ကျူးလွန်ဖို့ကြိုးစားခံခဲ့ရတဲ့ အမျိုးသမီးက ဘယ်အရပ်ဒေသကနေ ‌အခုသူနေထိုင်နေရာ ထောက်ကြံ့မြို့ရှောင်လမ်းကို ရောက်ရှိလာသလဲ မသိရှိရပေမယ့် ရုပ်ရည်သားနား သန့်ပြန့်ကာ အသက် နှစ်ဆယ်ကျော်ဝန်းကျင်အရွယ်လို့ သိရပါတယ်။ ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ ပြောပြချက်တချို့အရ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသမီးဟာ တစ်ဦးတည်း ဆဲဆိုသောင်းကျန်းနေတာမျိုးလည်း ရှိသလို ရံဖန်ရံခါလည်း ငိုခြင်းတွေဆိုကာ ကနေတတ်တယ်လို့ ဆိုပါတယ်။

သူနေထိုင်ရာဇရပ်ရှိတဲ့ မြို့ရှောင်လမ်းက CNG ဆိုင်လည်း ရှိနေတာမို့ ကားသမားလည်းစုံသလို၊ နှမသားချင်း မစာနာသူတချို့ကလည်း ကားပေါ်တင်ခေါ်သွားတာမျိုး ပြီးရင် ပြန်လာပို့သွားပြန်တာမျိုးလည်း ရှိတယ်လို့ ရပ်ကွက်နေသူတချို့ရဲ့ ပြောစကားတွေအရ သိရပါတယ်။

စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးကိုကြံစည်ကျူးလွန်တဲ့ အမျိုးသားကို လက်ရှိမှာ ထောက်ကြံ့ရဲစခန်းက လာရောက်ခေါ်သွားပြီ ဖြစ်ကာ စိတ်ဝေဒနာသည်အမျိုးသမီးကိုတော့ ရွှေပြည်သာမြို့နယ် အ‌ခြေစိုက် ရွှေမေတ္တာလူမှုကူညီရေး အသင်းတာဝန်ရှိသူက လာရောက်ခေါ်ဆောင်ကာ ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *