September 20, 2024

၅.၉.၂၀၂၄
Written By Zun

ပြည်ပရောက်အလုပ်သမားများ မိသားစုထံ လုပ်အားခ ၂၅ ရာခိုင်နှုန်းမလွှဲသည့်အတွက် အေဂျင်စီ ၇၀ ကျော် ကို အရေးယူပြီဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ငွေပြန်လွှဲကြောင်း မှတ်တမ်းမတင်ပြနိုင်ပါက ၎င်းလုပ်သားများအား တာဝန်ယူပို့ဆောင်ပေးသည့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အေဂျင်စီများကို အသိပေးထားခဲ့ကြောင်း သိရသည်။

ယင်းနောက် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၇၁ ခုကို ပြည်ပသို့အလုပ်သမားစေလွှတ်ခွင့်နှင့် အလုပ်ခေါ်စာအသစ်တင်ခွင့် ယာယီရပ်ဆိုင်း အရေးယူခြင်းကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနသတ်မှတ်ချက်အရ အေဂျင်စီများအနေဖြင့် ပြည်ပရောက်အလုပ်သမားများမှ မိသားစုထံ လုပ်အားခ ၂၅ ရာခိုင်နှုန်းလွှဲပို့ငွေ အထောက်အထားများကို ရာနှုန်းပြည့်မီအောင်တင်ပြနိုင်မှသာ ယာယီရပ်ဆိုင်းထားသည့် ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်နှင့် အလုပ်ခေါ်စာ (Damand Letter) အသစ်များကိုပြန်လည် ခွင့်ပြုမည်ဟု ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

“ဟုတ်တယ်လေ။ ၇၁ ခုကို အရေးယူတာပေါ့။အလုပ်သမားစေလွှတ်ခွင့်တာနဲ့ အလုပ်ခေါ်စာ (Damand Letter) အသစ်တွေကို ခွင့်မပြုတာမျိုး ပေါ့။ အရေးယူတာကလေ။ အထောက်အထားတွေပြမယ်ဆိုရင် ပြန်ပြီးခွင့်ပြုမယ် လို့ သိရတယ်”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ တာဝန်ရှိသူတစ်ဦးက MT News ကို စက်တင်ဘာလ ၅ ရက်တွင် ပြောသည်။

ပြည်ပလုပ်သားများ၏လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့တရားဝင်လမ်းကြောင်းက လွဲပို့ရန်နှင့် လွှဲပို့ရာတွင် သွားရောက်မည့်နိုင်ငံရှိဘဏ်နှင့် ပြည်တွင်းဘဏ်ချိတ်ဆက်ထားသော မည်သည့်ဘဏ်ကမဆိုလွှဲနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ တတိယပတ်က ကြေညာထားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်က စ၍ ထိုင်းနိုင်ငံသို့အလုပ်သွားလုပ်ကိုင်မည့်သူများအနေဖြင့် တရားဝင်ငွေလွှဲ အထောက်အထားပြသရတော့မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

ယင်းတွင် အခြေခံလစာ ၃ လစာ (ခန့်မှန်း ဘတ် ၂၄၀၀၀) ၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆၀၀၀) ကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့လည်းကောင်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ ဘဏ်စာရင်းသို့လည်းကောင်း တရားဝင် လွှဲပြောင်းပေးပို့သောအထောက်အထားပြသနိုင်မှသာ ထိုင်းနိုင်ငံသို့စေလွှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ် စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ လွှဲပြောင်းပေးပို့ရမည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ လက်မှတ်ဖြင့် သြဂုတ်လ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။

ယင်းနည်းလမ်းများအတိုင်း မိသားစုဝင်များထံသို့ တရားဝင်လွှဲပို့ထားသော မိသားစုလွှဲပို့ငွေများကို တည်ဆဲ ဥပဒေများနှင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေအဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားရမည်ဖြစ်ပြီး ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများက တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအားတာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံသို့ မပျက်မကွက် မိတ္တူပေးပို့ရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

အလားတူ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကလည်း မိမိစေလွှတ်ခဲ့သည့် အလုပ် သမားများအား တရားဝင်ငွေလွှဲပြောင်းပေးပို့ရာတွင် လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရမည့်အပြင် အလုပ်သမားများမှ လစဉ်လွှဲပို့သည့် အထောက်အထားများကို အလုပ် သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထားများ ပူးတွဲလျက် မပျက်မကွက် တင်ပြရမည်ဖြစ်ကြောင်း၊ လွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ် တွေ့ရှိရပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်း တိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအပြင် ငွေလွှဲပို့ရာတွင် မိသားစုလွှဲပို့ငွေများကို တရားမဝင်ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်းပေးပို့ခြင်းမပြု (မပြု) ကြရန်နှင့် တရားဝင်လမ်းကြောင်းများမှသာ လွှဲပြောင်း ပေးပို့ကြရန်လည်း ထပ်မံ ထုတ်ပြန်ထားကြောင်း သိရသည်။

အလုပ်သမား #အေဂျင်စီ #ထိုင်း #မလေးရှား #ရွှေ့ပြောင်းလုပ်သား #မြန်မာလုပ်သား #MT

Leave a Reply

Your email address will not be published. Required fields are marked *