September 20, 2024

◾️ တောင်ကြီးနှင့် မန္တလေးကို ချဲ့ထွင် တိုက်ခိုက်ရန် ဆက်လက်​ဆောင်ရွက်မည်မဟုတ်ဟုပါ ဖော်ပြ

၅.၉. ၂၀၂၄
Written by Nay Moe

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ နယ်မြေလုယက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံနဲ့ပြည်သူတွေ စိုးရိမ်နေသလို တိုင်းပြည်ပြိုကွဲခံမှာမဟုတ်ဘူးဆိုတာနဲ့ လက်ရှိ SAC အစိုးရရဲ့အာဏာကို ပြိုင်ဆိုင်မှာ မဟုတ်တဲ့အပြင် NUG ကိုပါ ဘာအကြောင်းနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူးလို့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA က အတည်ပြုထုတ်ပြန်လာပါတယ်။

လက်ရှိ ပြည်တွင်း အခြေအနေနဲ့ ပတ်သက်ပြီး MNDAA ရဲ့ စစ်ရေးကော်မရှင်က စက်တင်ဘာ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီနေ့ ကြေညာချက်ကို MNDAA ရဲ့ မီဒီယာ ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လာတာဖြစ်ပေမဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒီကြေညာချက်ကို ပြန်လည်ဖြုတ်ချလိုက်တာဖြစ်ပြီး MT News သတင်းဌာနအနေနဲ့ ဘာကြောင့် ပြန်လည်ဖြုတ်ချတယ်ဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်မှာ တရုတ်နိုင်ငံဟာ TNLA ကို အပစ်မရပ်ရင် ဆုံးမမယ်လို့ သတိပေးခဲ့သလို စက်တင်ဘာ ၂ ရက်မှာလည်း SAC အစိုးရက MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖြစ်သတ်မှတ်လိုက်ချိန်မှာ MNDAA ဘက်က နိုင်ငံပြိုကွဲခံမှာမဟုတ်ဘူးဆိုတာနဲ့ လက်ရှိ SAC အစိုးရရဲ့အာဏာကို ပြိုင်ဆိုင်မှာ မဟုတ်တဲ့အပြင် NUG ကိုပါ စစ်ရေး၊ နိုင်ငံရေးအရ ဘာအကြောင်းနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူးလို့ မနေ့ကရက်စွဲနဲ့ ဒီနေ့မှာ ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိနိုင်ငံ့အခြေအနေနဲ့ပတ်သက်ပြီး MNDAA ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် “မကြာသေးမီက အွန်လိုင်းမှ အလွန်အမင်းလှည့်ဖျားသူများက မဟာမိတ်တပ်၏ သဘောထားများကို တမူထူးခြားသည့် စွပ်စွဲမှုများပြုလုပ်၍ အမှန်တရားကို သွေဖည်ကာ ပြည်တွင်းပြည်ပမှ လူထုအနေဖြင့် ကျွန်ုပ်တို့၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အခြေအနေများကို မှားယွင်းစွာယူဆစေကာ အလွန်ဆိုးရွားသည့်ထင်မြင်ချက်များရှိစေခဲ့သည်။ ထို့ကြောင့် အထင်လွှဲမှားမှုများထပ်မံဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်နှင့် ပြဿနာများပိုမိုတိုးပွားခြင်းမှ ရပ်တန့်စေရန် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ရပ်တည်ချက်များကို အောက်ပါအတိုင်း ကြေညာအပ်ပါသည်”လို့ ဖော်ပြထားပြီး အချက်သုံးချက် ဖော်ပြထားပါတယ်။

အဲဒီအချက်သုံးချက်က (၁) မဟာမိတ်တပ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူရန် ဆန္ဒများမှာ ယခင်ကဲ့သို့ ပြောင်းလဲမှုမရှိပါ။ နိုင်ငံကို ပြိုကွဲစေမည့် ဆန္ဒမရှိပါ။ နေပြည်တော်နှင့် အာဏာလုယူလိုသော ဆန္ဒမရှိပါ။ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံကို ရယူထူထောင်ရန်ဆန္ဒမရှိပါ။ (၂) အခြားနိုင်ငံနှင့်ပူးပေါင်းကာ တရုတ်နှင့်မြန်မာကို ဆန့်ကျင်သည့် မည်သည့်အရာမျှဆောင်ရွက်မည်မဟုတ်ကြောင်း၊ NUG ကို မည်သည့်အကြောင်းနှင့်မှ ပူးပေါင်းမည် မဟုတ်ကြောင်း၊ မန္တလေး၊ တောင်ကြီးသို့ ချဲ့ထွင် တိုက်ခိုက်ရန် ဆက်လက်ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ခုခံကာကွယ်ခြင်းဟူသည့် လုပ်ပိုင်ခွင့်အာဏာကိုသာ အမြဲကျင့်သုံးပါမည်။ (၃) လက်ရှိမြန်မာနိုင်ငံ၏ ရှုပ်ထွေးနေသည့် အခြေအနေများကို ရပ်တန့်နိုင်ရန် တရုတ်နိုင်ငံမှဆွေးနွေးပြီး ကူညီဖြေရှင်းပေးရန် တိုက်တွန်းအပ်ပါသည်။ ကျွန်တော်တို့သည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ကာ အမြန်ဆုံးတိုက်ခိုက်မှုများရပ်တန့်စေပြီး ချစ်ကြည်ရေးသဘောထားဖြင့် ဆန့်ကျင်မှုများနှင့် ပဋိပက္ခများကို ဖြေရှင်းပါမည်။”လို့ ရေးသားထားပါတယ်။

MNDAA ဟာ NUG နဲ့ ဘယ်လိုအကြောင်းနဲ့မှ ပူးပေါင်းမှာ မဟုတ်ဘူးဆိုပေမဲ့လည်း ၁၀၂၇ စစ်ဆင်ရေးနှစ်ခုစလုံးမှာ NUG ဩဇာခံ မန္တလေး PDF တွေနဲ့ အခြား PDF တွေ ပါဝင်တိုက်ခိုက်နေသလို “ရှမ်း-မန်းစစ်ဆင်ရေး”နဲ့ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး”နှစ်ခုဟာ MNDAA တို မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ကူညီဖော်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *