September 20, 2024

၅.၉. ၂၀၂၄
Written by Nay Moe

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့က ကရင်နီရဲတပ်ဖွဲ့ (KSP) ရုံး လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရလို့ KSP ရဲမေတစ်ဦးနဲ့ အခြားတစ်ဦး သေဆုံးပြီး ခုနှစ်ဦးအထက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မနက် ၉ နာရီကနေ ၉ နာရီခွဲအကြား နန်းမယ်ခုံမြို့ ပတ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြုလုပ်ခဲ့ပြီး ၉ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်၊ မိနစ် ၂၀ နဲ့ မိနစ် ၃၀ အချိန်တွေမှာ ဗုံးကိုးလုံးအထက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ကရန်းနီအသံကနေ ကနဦးသိရပါတယ်။ ဒီလို ကြဲချတာကြောင့် ကရင်နီရဲတပ်ဖွဲ့(KSP)အမှတ် (၂) နဲ့ အမှတ် (၁၀) ရုံး ဗုံးသုံးလုံးထိမှန်ခဲ့တာဖြစ်ပါတယ်။

KSP ဟာ စာသင်ကျောင်းကို တပ်စွဲထားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုမှာ တပ်စခန်းတည့်တည့် ထိမှန်တာဖြစ်သလို KSP ရဲမေနဲ့ အခြားတစ်ဦး သေဆုံးကာ ၇ ဦးအထက် ဒဏ်ရာရခဲ့တယ်လို့ MT News က ကနဦးသိရပြီး ဒီဖြစ်စဥ်ကို KSP ထံ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားမှုတော့ မရှိသေးပါဘူး။

နန်းမယ်ခုံမြို့ဟာ ၂၀၂၄ ဇန်နဝါရီလကတည်းက KNDF အပါအဝင် ကယားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့မြို့ဖြစ်လို့ အေးချမ်းခွင့်မရဘဲ မကြာခဏလေကြောင်းတိုက်ခိုက်ခံနေရတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ပုံစာ။ လူမှုကွန်ရက်၌ တွေ့ရသော စာသင်ကျောင်းကို တပ်စွဲထားသည့် KSP ရုံး တိုက်ခိုက်ခံရမှုမြင်ကွင်း (Photo -KPV)

ကယား #ကရင်နီ #ဒီးမော့ဆို #နန်းမယ်ခုံ #KSP #MT

Leave a Reply

Your email address will not be published. Required fields are marked *