September 20, 2024

၅. ၉. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားအစိုးရ၊ ဝန်ကြီးချုပ်ရုံးမှ ဒုတိယဝန်ကြီးဟောင်းတစ်ဦးသည် မြန်မာနိုင်ငံသို့ အိမ်ခြံမြေအရောင်း အဝယ်ကိစ္စများနှင့် သွားရောက်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော် မလေးရှားရဲဌာနချုပ်၊ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး မိုဒ် ရှုဟေလီ မိုဒ် ဇိန်းက အဆိုပါ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မာရှီတာ အီဘရာဟင်က လူကုန်ကူးမှုဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲချက်များအပေါ် စုံစမ်းလျက်ရှိကြောင်းလည်း ပြောခဲ့သည်။

၎င်းက ဒေါက်တာ မာရှီတာမှာ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စဖြင့်သွားခဲ့သည်ဟု စစ်ဆေးချက်မျာအရ တွေ့ရကြောင်း၊ ထိုကိစ္စစစ်ဆေးအတည်ပြုခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်တွင် ပြောခဲ့သည်။ ၎င်းက မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများ၌ မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟုစွပ်စွဲလာခြင်းအပေါ် စုံစမ်းထောက်လှမ်းရာတွင် ပြည့်စုံစေရန် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနက အချက်အလက်စုဆောင်းနေကြောင်း ဆက်လက်ပြောခဲ့သည်။

ရဲအဖွဲ့အနေနှင့် ဒေါက်တာမာရှီတာ အပါအဝင် လူပုဂ္ဂိုလ်ငါးဦး၏ ပြောကြားချက်များကို အသံသွင်း မှတ်တမ်းတင်ခဲ့ကြောင်း၊ အင်ဒိုနီးရှား ဘလော့ဂါတစ်ခုမှ ယနေ့ ထပ်မံအသံသွင်းထားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွင် အမှု၌ပတ်သက်နေသော အခြားပုဂ္ဂိုလ်များကို မည်သူမည်ဝါ ခွဲခြားသိရန်လည်းပါကြောင်း မိုဒ် ရှုဟေလီက ပြောခဲ့သည်။

၎င်းက ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည်ဆိုလျှင်၊ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ၌ သွားရောက်လုပ်ကိုင်ကြမည်ဆိုလျှင် သေချာစေရန် အထူးဂရုပြုကြစေလိုကြောင်း၊ ပြည်ထဲရေး(သို့မဟုတ်) အလုပ်သမားဝန်ကြီးဌာနတို့မှတစ်ဆင့် အဆိုပါအလုပ်ကမ်းလှမ်းချက်များ မှန်ကန်မှုရှိမရှိ ဦးစွာစစ်ဆေးကြရန်လိုကြောင်း ပြောခဲ့သည်။

မလေးရှား ဒုတိယဝန်ကြီးဟောင်းက မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့တစ်ခု၏ ကြိုးကိုင်စီစဉ်သူဟု ဩဂုတ်လ ၂၈ ရက်တွင် သတင်းများက ဖော်ပြခဲ့ကြသည်။ မလေးရှား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့(MHO) ၏အတွင်းရေးမှူးချုပ် ဟီရှာမတ်ဒင် ဟာရှင်က ဒေါက်တာမာရှီတာမှာ သူမ၏ခင်ပွန်းဖြစ်သူနှင့်အတူ ကုမ္ပဏီတစ်ခုတွင် အဆင့်မြင့်လုံခြုံရေးတာဝန်ရှိသူများအဖြစ် အဓိကကျသောနေရာများတွင် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှစ၍ လုပ်ကိုင်နေသည်ဟု ယူဆရကြောင်းပြောခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုဆောင်ရွက်နေသည်ဆိုသော နိုင်ငံတကာအဖွဲ့က Youtube မှ ထုတ်လွှင့်သည့် ဗီဒီယို တစ်ခုဆိုလျှင် အင်ဒိုနီးရှားနိုင်ငံတွင် အလွန်လူသိများသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံသားအများအပြားမှာ အဓမ္မခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအားကုန်ကူးမှုနှင့် လူသတ်မှုများအပါအဝင် လူကုန်ကူးလုပ်ငန်းများတွင်ပါဝင်နေသည့် ထိုအဖွဲ့၏ သားကောင်များသဖွယ်ဖြစ်ခဲ့ရသည်။

ဒေါက်တာ မာရှီတာကမူ ၎င်းအပေါ်စွပ်စွဲချက်များကို ငြင်းပယ်ထားကြောင်း သိရသည်။

Ref-The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *