September 20, 2024

◾️ ဒေါ်လာသန်းရာနှင့်ချီ ထုတ်ရောင်းပေးခဲ့သော်လည်း ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ ဝန်းကျင်သို့ ပြန်ကျမလာ

၅. ၉. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ထိုင်းဘတ်သန်း ၈၀ ထပ်မံထုတ်ရောင်းပေး၍ တစ်လကျော်အတွင်း ဒေါ်လာ ၂၀၆ သန်းကျော်၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၁၅၉ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း စက်တင်ဘာ ၄ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း၊ ဩဂုတ်လ ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်း၊ ဩဂုတ်လ ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်းကျော်နှင့် ဩဂုတ်လ ၂၈ ရက်တွင် ဒေါ်လာ ၁၇ နီးပါး စုစုပေါင်းဒေါ်လာ ၁၆၆ ၁၈၃ သန်း ထုတ်ရောင်း ပေးခဲ့ပြီးဖြစ်သည်။

စက်သုံးဆီလုပ်ငန်းရှင်များကို မရောင်းပေးမီ ဩဂုတ်လ ၁ ရက်တွင် ‌ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်း၊ ဩဂုတ်လ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း၊ ဩဂုတ်လ ၉ ရက်တွင် ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးထားပြီးဖြစ်သည်။

ယခုထပ်မံရောင်းချပေးခဲ့သည့် ဒေါ်လာ ၁၂ သန်းကျော်နှင့် ထိုင်းဘတ်သန်း ၈၀ အပါအဝင် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တစ်လကျော်အတွင်း စုစုပေါင်းနိုင်ငံခြားငွေ ဒေါ်လာ ၂၀၆ သန်းကျော်၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၁၅၉ သန်း ရောင်းချပေးထားခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး ဒေါ်လာဈေးနှုန်းများမှာ ဩဂုတ် ၃၀ ရက်တွင် ကျပ် ၅၅၅၀၊ ဩဂုတ် ၃၁ ရက်တွင် ကျပ် ၅၅၅၀၊ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၅၆၀၀၊ စက်တင်ဘာ ၂ ရက်တွင် ကျပ် ၅၆၅၀၊ စက်တင်ဘာ ၃ ရက်တွင် ကျပ် ၅၆၇၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၅၇၀၀၊ စက်တင်ဘာ ၅ ရက် (ယနေ့)တွင် ကျပ် ၅၇၀၀ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများအား လေ့လာကြည့်ပါက ဒေါ်လာသန်း ၁၉၀ ကျော်အထိ ရောင်းချပေးခဲ့ပြီးသော ဩဂုတ်လကုန်ပိုင်းတွင် တစ်ဒေါ်လာ ၅၅၀၀ ဝန်းကျင်သို့ ပြန်ကျခဲ့သော်လည်း ဒေါ်လာမရောင်းချပေးသည့် စက်တင်ဘာလဆန်းပိုင်းတွင် တစ်‌ဒေါ်လာ ကျပ် ၅၇၀၀ သို့ ပြန်မြင့်တက်ခဲ့သည်ကို တွေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ သို့ စတင်မြင့်တက်ခဲ့ပြီးနောက် ဩဂုတ်လတစ်လအတွင်း ဒေါ်လာသန်းရာနှင့်ချီ ဗဟိုဘဏ် ထုတ်ရောင်းပေးခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာထုတ်ရောင်းချိန်သာ ဈေးနှုန်းယာယီအကျပြကာ တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက်ကျဆင်းပါက ပေါက်ဈေးဖြင့် ဒေါ်လာထုတ်ရောင်းမှု မရှိတော့ခြင်းကြောင့် ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ ဝန်းကျင်သို့ပင် ပြန်ကျမလာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ #ကုန်စျေးနှုန်း #ကျပ်ငွေ #ဗဟိုဘဏ် #စျေးကစား #ဘတ် #ယွမ် #dollar #usd #MT

Leave a Reply

Your email address will not be published. Required fields are marked *