September 20, 2024

၅.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၄+၁၃၁ လမ်းတွင် မော်တော်ယာဥ်တစ်စီးမှ ဆိုင်ကယ်တစ်စီးအား အရှိန်လွန်၍ တိုက်မိပြီးနောက် ယာဥ်တိုက်မှုအနီးရှိ ဆိုင်ကယ် Showroom မှ ပြသထားသည့် ဆိုင်ကယ် ၃ စီးကို ထပ်မံ တိုက်မိခဲ့ရာက အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၄ ရက် နေ့လယ် ၂ နာရီကျော်တွင် မော်တော်ယာဥ်တစ်စီးမှ တစ်လမ်းတည်းမောင်းနှင်လာသည့် ဆိုင်ကယ်အား အရှိန်လွန်၍ တိုက်မိပြီးနောက် ထိုအနီးရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်ရှေ့တွင် ပြထားသည့် မော်တော်ဆိုင်ကယ်များအား ထပ်၍တိုက်မိရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသောကြောင့် ထိုဖြစ်စဥ်နေရာသို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ် Showroomမှာ ပြထားတဲ့ ဆိုင်ကယ် ၃ စီးလောက် ထိသွားတယ်။ ထိခိုက်သွားတဲ့ဆိုင်ကယ်တွေက စျေးကြီးတဲ့ဆိုင်ကယ်တွေ။ ကားသမားကိုတော့ သက်ဆိုင်ရာက ခေါ်သွားတယ်။ ကားတိုက်ခံရတဲ့ ဆိုင်ကယ်မောင်းတဲ့သူကိုတော့ ဆေးရုံပို့လိုက်တယ်” ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်တိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသည့် ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ ဦးခေါင်း၊ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း

မန္တလေး #ဆိုင်ကယ် #ယာဥ်တိုက်မှု #MT

Leave a Reply

Your email address will not be published. Required fields are marked *