September 20, 2024

၅. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် မြောက်ပိုင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် စက်တင်ဘာလ ၄ ရက် နံနက်က ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာများ ရရှိကာ ဆေးရုံသို့တင်ပို့ထားရကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ကြသည်။

စက်တင်ဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းပွဲတစ်ခု၌ ဂျော်ဂျီယာပြည်နယ်၊ စုံစမ်းထောက်လှမ်းရေဗျူရို ညွှန်ကြားရေးမှူး ခရစ် ဟိုဆီက ပြည်နယ်အတွင်း ဝင်ဒါမြို့ရှိ အပါလာချီ အထက်တန်း ကျောင်းတွင်ဖြစ်ပွားခဲ့သောပစ်ခတ်မှု၌ သေဆုံးသူများအနက် နှစ်ဦးမှာ ကျောင်းသားများ ဖြစ်ကြပြီး နှစ်ဦးမှာ ဆရာများဖြစ်ကြောင်း ပြောခဲ့သည်။ ဒဏ်ရာရသူ ကိုးဦးတွင် ကျောင်းသားရှစ်ဦးနှင့် ဆရာတစ်ဦးပါဝင်ကြောင်းလည်း သိရသည်။

တရားခံသေနတ်သမားဟု သံသယဖြစ်ရသူမှာ ထိုကျောင်းမှကျောင်းသားတစ်ဦးပင်ဖြစ်သော အသက် ၁၃ နှစ်ရှိ Colt Gray ဆိုသူဖြစ်ကြောင်း၊ ၎င်းအားလူသတ်မှုဖြင့် တရားစွဲသွားမည်ဖြစ်ကာ အရွယ်ရောက်သူတစ်ဦးကဲ့သို့ပင် ဖမ်းဆီးထားကြောင်း ဟိုဆီက ပြောခဲ့သည်။ ပစ်ခတ်ခံရ၍သေဆုံးခဲ့သော ကျောင်းသားနှစ်ဦးမှာ အသက် ၁၄ နှစ်စီရှိကာ ဆရာတစ်ဦးက ၃၉ နှစ်နှင့်အခြားဆရာတစ်ဦးက ၅၃ နှစ်တို့ ရှိကြကြောင်း ကျောင်း၏ ဝက်ဘ်ဆိုတ်တွင် ဖော်ပြခဲ့သည်။

အသက် ၁၃ နှစ်ရှိ သေနတ်သမားက ပစ်ခတ်မှုများပြုအပြီး ရဲအရာရှိများနှင့်ရင်ဆိုင်တိုးချိန်တွင် လက်နက်ချခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၂၀ (ဂရင်းနစ် စံတော်ချိန် ၁၄း၂၀ နာရီ) တွင် လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

သေနတ်သမားက AR-15 style ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကိုင်ဆောင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အခြားသေနတ်သမားများပါဝင်သေးကြောင်း အထောက်အ ထားမတွေ့ရသေးဟု ဟိုဆီက ပြောခဲ့သည်။ ၎င်းက ဒဏ်ရာရသူ ကိုးဦးမှာ ဒဏ်ရာအသင့်အတင့်ပြင်းထန်သော်လည်း အသက်ရှင်နိုင်သည်ဟု ခန့်မှန်းရကြောင်းလည်း ပြောခဲ့သည်။

အပါလာချီ အထက်တန်းကျောင်းတွင် စုစုပေါင်းကျောင်းသား ၁,၉၀၀ ခန့်ရှိကြောင်း သိရသည်။

Ref -CBS

usa #အစုလိုက်အပြုံလိုက် #ပစ်ခတ်မှု #Georgia #MT

Leave a Reply

Your email address will not be published. Required fields are marked *