September 19, 2024

၅. ၉. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ PDF တွေက နန်းထိုက်ရတနာ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် မိုင်းခွဲတားဆီးပစ်ခတ်မှုပါ ပြုလုပ်ခဲ့တာကြောင့် ယာဉ်မောင်းအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၃ ရက်​က မုံရွာ – ရန်ကုန် ပြေးဆွဲတဲ့ နန်းထိုက်ရတနာခရီးသည်တင်ယာဉ်ဟာ ခရီးသည် ၂၄ ဦးနဲ့အတူ မုံရွာမြို့ကနေ ရန်ကုန်မြို့ဆီ ထွက်ခွာလာချိန်ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်မှာ မြင်းမူမြို့အနောက်ဘက် ဝမ်းပြည့်ကျေးရွာနဲ့ အလ္လာကပ္ပကျေးရွာအကြား မိုင်တိုင်အမှတ် ၅၂ မိုင် ၂ ဖာလုံ အရောက်မှာ PDF အဖွဲ့က ယာဥ်ကိုတားတာကြောင့် မရပ်ပေးဘဲ ဆက်လက်မောင်းနှင်ချိန်မှာ ဝိုင်းဝန်းပစ်ခတ်ကြတာပါ။ ဒါ့အပြင် မန္တလေး-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၁ ဖာလုံ အနီးအရောက်မှာလည်း ထပ်မံစောင့်ကြပ်နေတဲ့ PDF တွေက လမ်းရဲ့ဝဲဘက်ကနေ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သလို လမ်းဘေးဝဲ၊ ယာကနေ လက်နက်ငယ်နဲ့ပါ နှစ်ဖက်ညှပ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ယာဉ်မောင်းဟာ မှန်ကွဲစ ထိမှန်ဒဏ်ရာ၊ အသက် ၂၇ နှစ်ခန့်အရွယ် ခရီးသည် အမျိုးသမီး ကျည်ရှပ်ထိ ဒဏ်ရာ ၃ ချက်နဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့လို့ မြင်းမူဆေးရုံတင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ပစ်ခတ်တဲ့ PDF တွေက အဝေးပြေးခရီးသည်တင်ယာဥ်ပေါ်မှာ နမခက သံသေတ္တာ ၆ လုံး၊ ကျွန်းသေတ္တာ ၁ လုံးနဲ့ ရေခဲသေတ္တာပုံစံ ဂျပ်ဖာ ၁ ခုကို စက်တင်ဘာ ၃ ရက် နေ့လယ် ၃ နာရီ ၉ မိနစ်က ပို့သွားတယ်လို့ ၂၁ မိနစ်ခြားပြီး သတင်းပို့တာကြောင့် နန်းထိုက်ရတနာကားကို မုံရွာ – မန္တလေးကားလမ်းပေါ်မှာ တားဆီးပေမဲ့ ရပ်မပေးတာကြောင့် နှစ်ဖက်ညှပ်ပစ်ခတ်ပေမဲ့လည်း မဟန့်တားနိုင်ခဲ့ဘူးလို့ နန်းထိုက်ရတနာကားကို ပစ်ခတ်တဲ့ PDF တစ်ဦးက လူမှုကွန်ရက်မှာ ဝန်ခံရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *