September 19, 2024

၅.၉.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်၊ ထီသိမ်ရွာတောင်ဘက်တွင် စက်တင်ဘာလ ၄ ရက် ညနေ ၄ နာရီခန့်က တောင်ကျချောင်းရေကို ဖြတ်ကူးသည့် ၆ လသားအရွယ် မိန်းကလေးအပါအဝင် သားအမိ ၂ ဦး ရေစီးဖြင့် မျောပါကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်နန်းအဲက ၆ လအရွယ်သမီးငယ်ကို ချီပိုး၍ အမျိုးသမီး ၁ ဦး၊ အမျိုးသား၂ ဦးတို့နှင့်အတူ တောင်ယာစိုက်ခင်းမှ ၎င်းတို့နေထိုင်ရာ ထီသိမ်ရွာသို့အပြန် လမ်းခုလတ်၌ တောင်ကျချောင်းရေမှာ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ချိန် ချောင်းကို ဖြတ်ကူးရာမှ ရေစီးသန်၍ မျောပါသွားခြင်းဖြစ်ကာ ကျေးရွာသူကျေးရွာသားများက လိုက်လံဆယ်ယူရာ မိခင်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ချောင်းက ပုံမှန်ဆို ရေမရှိဘူး။ သူတို့ရွာဘက်မှာ မိုးမရွာပေမယ့် တစ်နေရာမှာ မိုးရွာပြီး ရုတ်တရက် တောင်ကျရေတွေ
စီးလာတာကို သတိမထားမိလိုက်ဘူး။ ရေနဲ့မျောတဲ့သားအမိ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက်မှာ အမျိုးသမီးတစ်ယောက်ကိုတော့ အတူပါသူတွေက လှမ်းဆွဲလိုက်နိုင်လို့ လွတ်သွားပေမယ့် သားအမိ၂ ယောက်ကတော့ ရေထဲမျောသွားတာ”ဟု သေဆုံးသူရုပ်အလောင်းကို သွားရောက်သယ်ဆောင်သည့် အောင်ပန်းနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ရေနှင့်အတူမျောပါသွားသော ကလေးမိခင် မနန်းအဲကို ဦးခေါင်းနှင့်မျက်နှာတို့တွင် ဒဏ်ရာများဖြင့် သေဆုံးလျက် ပေ ၂၀၀ ခန့်အကွာ ချောင်းလက်တက်တွင် ပြန်လည်တွေ့ရှိခဲ့သော်လည်း ၆လသားအရွယ် မိန်းကလေးကိုမူ ယနေ့ (စက်တင်ဘာလ ၅ရက်)အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

တောင်ကျရေစီးဖြင့် မျောပါသေဆုံးခဲ့သော အမျိုးသမီး၏ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းမှ အသင်းဝင် ၈ ဦး​ဖြင့် သွားရောက်သယ်ဆောင်ပြီး အောင်ပန်းမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ သြဂုတ်လ ၃၀ ရက်၊ ညနေ ၄နာရီခန့်က ကျောင်းမှပြန်လာသော အသက် ၇နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦး အိမ်လှေကားပေါ်မှခြေချော်ကာ ရေမြောင်းမှတဆင့် ရေကန်ထဲကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *