September 19, 2024

၅.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းတွင် စက်တင်ဘာလ ၅ ရက် ည ၇ နာရီကျော်က လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် နေအိမ် ၂ လုံးနှင့် ၃ လွှာတိုက်ခန်းရှိ ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ အလျား ၁၄ ပေ၊ အနံ ၂၅ပေရှိ သွပ်မိုး၊ ပျဥ်ထောင်ပျဥ်ခင်းနေအိမ်၏ထပ်ခိုးတွင် ဖယောင်းတိုင်ထွန်းထားရာမှ လဲကျ၍ အနီးရှိ အိပ်ယာခင်းကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး အလျား ၁၄ ပေ၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်းထပ်ခိုးပါ​ နေအိမ် ၁ လုံး၊ အလျား ၁၅ ပေ၊အနံ ၁၅ ပေရှိ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်းတစ်လုံးနှင့် မီးလောင်သည့်အိမ်ဘေးရှိ ၃ လွှာတိုက်ခန်းထဲမှ ကြိတ်သားကုတင်နှင့်ကြိတ်သားဗီဒိုတစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။

” အိမ်တွေက ကပ်နေတော့ ပါကုန်တာ၊ လူသေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးကပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် Level 1 အဆင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာတွင် အမျိုးသားတစ်ဦး၏ လက်၌ ပြတ်ရှဒဏ်ရာ ရရှိခဲ့သောကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က မြေပြင်ကုသမှုပေးကာ အောင်သပြေလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သ ည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် ကိုစိုးမိုးနိုင်ကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *