September 19, 2024

၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂါဇီပူရ်ခရိုင်အတွင်း ဆရီပူရ်မြို့ရှိ RAK ကြွေထည်မြေတည်စက်ရုံရှေ့တွင် အလုပ်သမားများက စက်တင်ဘာလ ၄ ရက်တွင် ဒက်ကာ-မီမန်ဆင်း အဝေးပြေးကားလမ်းမကြီးကို ပိတ်ဆို့ကာ ငါးနာရီကြာဆန္ဒပြခဲ့ကြကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အလုပ်သမားများက ဆန္ဒပြပွဲတွင် တောင်းဆိုချက်များစွာပြုခဲ့ကြသည့်အနက် လစာတိုးမြှင့်ပေးရေးက အဓိကအချက်အနေနှင့် ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့က စက်ရုံမှ အိန္ဒိယနိုင်ငံသားအလုပ်သမားအားလုံးကို ဖယ်ရှားပေးရေးအတွက်လည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့မှုကြောင့် လမ်းမကြီးတစ်လျှောက် ဆန္ဒပြသည့်နေရာမှ ငါးကီလိုမီတာခန့် တစ်ဖက်တစ်ချက်စီတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ ဆန္ဒပြနေရာသို့ စစ်တပ်ရောက်ရှိလာခဲ့ပြီး အလုပ်သမားများအား ၎င်းတို့၏တောင်းဆိုချက်များအတွက် စက်ရုံအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခွင့်ရရန် အာမခံပြောကြားခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ဆန္ဒပြပွဲပြီးဆုံးခဲ့ကြသည်။

အလုပ်သမားများ၏တောင်းဆိုချက်များတွင် စက်ရုံမူဝါဒများအား ပြောင်းလဲသုံးသပ်မှုများပြုလုပ်ရေး တရားဝင်ကြေညာချက်များထုတ်ပြန်၍ ဆောင်ရွက်သွားရန်၊ လက်ရှိအခြေအနေများနှင့်ဆီလျော်အောင် နှစ်စဉ်လစာတိုးမှုကို ဖေဖော်ဝါရီလတိုင်းမှစ၍ သေချာစေရန်၊ စက်ရုံအတွင်း စီမံခန့်ခွဲမှုနေရာများ၌ ရှိနေသော အိန္ဒိယနိုင်ငံသားအလုပ်သမားများအားလုံးအား တာဝန်မှဖယ်ရှားရန်နှင့် မည်သည့်အလုပ်သမားကိုမှ နှောင့်ယှက်တိုက်ခိုက်ခြင်းမပြုဟု အာမခံချက်ပေးရန် စသည်တို့ ပါဝင်ကြောင်းလည်း သိရသည်။

နောက်ဆုံးတောင်းဆိုချက်အဖြစ် အလုပ်သမားများက ၎င်းတို့၏တောင်းဆိုချက်များမရရှိပါက ၎င်းတို့ အနေနှင့်ပြန်လည်စုရုံး၍ ဆန္ဒပြကြမည်ဟုလည်း ပြောခဲ့ကြသည်။

စက်ရုံအုပ်ချုပ်ရေးအဖွဲ့ကမူ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုကြေညာခြင်းမရှိသေးဟု သိရသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *