September 19, 2024

ပုံစာ - ပြည်တွင်းရှိ သကြားစက်ရုံတချို့ကို တွေ့ရစဉ် (Photo- MSCA)

၄. ၉. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ သကြားဖူလုံမှုရှိစေရန် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သကြားစက်ရုံနှစ်ခု တိုးချဲ့လည်ပတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း (MSCA)မှ သိရသည်။

ယင်းကဲ့သို့ တိုးချဲ့လည်ပတ်နိုင်ရေး ကြိုးပမ်းရာတွင် အဆိုပါ သကြားစက်ရုံများ တည်ရှိရာနေရာများသည် လက်ရှိပဋိပက္ခဖြစ်ပွားရာဒေသများနှင့် နီးစပ်နေသဖြင့် အခက်အခဲ အနည်းငယ်ရှိနေကြောင်း သိရသည်။

“လက်ရှိတိုးလည်တယ်ဆိုတာကတော့ တစ်စက်ပဲတိုးတာပါ။ တိုးပေမဲ့လည်း ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာလည်း ကျွန်တော်တို့ စက်တွေကရှိနေတော့ ကျွန်တော်တို့မှာလည်း အခက်အခဲတော့ရှိကြတယ်။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ပြဿနာနဲ့ ကျွန်တော်တို့ တော်တော်လေးကြီးတာတွေတော့ရှိတယ်” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

သကြားစက်ရုံများ တိုးချဲ့လည်ပတ်နိုင်ရေးကာလအတွင်း ဆောင်ရွက်မှုအနေဖြင့် စက်ရုံနှစ်ခုဖြစ်ပြီး တစ်ခုမှာ ယခင်သုံးနှစ်ဝန်းကျင်ကတည်းက စတင်ဆောင်ရွက်နေသော်လည်း လက်ရှိနိုင်ငံရေးဖြစ်စဉ်များကြောင့် အပြည့်အဝမလည်ပတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သကြားစက်ရုံမှာလည်း ယခုနှစ်တွင် လည်ပတ်နိုင်မည်ဖြစ်၍ ယခုဘဏ္ဍာနှစ်တွင် သကြားစက်ရုံနှစ်ခု တိုးချဲ့လည်ပတ်နိုင်မည်ဖြစ်သည်။

“နှစ်ခုဆိုတာက ကာလအပိုင်းအခြားနဲ့ ပတ်သက်ပြီးတော့ ပြောရရင်တော့ တစ်ခုကတော့ သုံး၊ လေးနှစ်ကတည်းက လုပ်နေတာ။ သူကလည်း ဒီကာလကြီးကျတေ့ အခက်အခဲရှိတာ‌ပေါ့။ ဒီနှစ်တော့ အပြည့်အဝလုပ်နိုင်တဲ့ အခြေအနေတော့ ရောက်လာပါလိမ့်မယ်။ အဲဒါနဲ့ ပေါင်းရင်တော့ နှစ်ခုပေါ့” ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ သကြားဈေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လ ပထမအပတ်အထိ တစ်ပိဿာ ကျပ် ၄၇၀၀ သာရှိခဲ့ရာမှ ယခုစက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာ ကျပ် ၅၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း ဘုရင်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ပုံစာ – ပြည်တွင်းရှိ သကြားစက်ရုံတချို့ကို တွေ့ရစဉ် (Photo- MSCA)

Leave a Reply

Your email address will not be published. Required fields are marked *