September 19, 2024

၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေအဖြစ်ဆောင်ရွက်ခဲ့တဲ့ Kathy Hochul နဲ့ Andrew Cuomo တို့နှစ်ဦးစလုံးလက်ထက်မှာ အုပ်ချုပ်ရေးမှူးရဲ့လက်ထောက်အဖြစ်ဆောင်ရွက်ခဲ့တဲ့ လင်ဒါဆန်(Linda Sun) ကို ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က စက်တင်ဘာလ ၃ ရက် နံနက်မှာ ခင်ပွန်းဖြစ်သူ ခရစ်ဟူး(Chris Hu) နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဝန်ထမ်းရေးရာလက်ထောက်အကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့တဲ့ လင်ဒါဆန်ကို FBI က ခင်ပွန်းနဲ့အတူ နယူးယော့ခ်မြို့ အရှေ့တောင်ဘက် Long Island ကျွန်းပေါ်ရှိ Manhasset ရွာလေးမှ သူတို့ရဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်မှာ ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးမှုအပြီးမှာတော့ သူတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့အတွက် ထောက်လှမ်းရေးတွေအဖြစ် ဆောင်ရွက်မှုနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စာမျက်နှာ ၆၀ ကျော်ရှိ တရားရုံးစွဲချက်တင်မှုမှာတော့ လင်ဒါဆန်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ တန်ဖိုးကြီးပစ္စည်းဥစ္စာတွေနဲ့ အပျော်စီးကားတွေ ဝယ်နိုင်ဖို့ ငွေကြေးအကျိုးအမြတ်တွေ ဒေါ်လာသန်းပေါင်းများစွာ ရခဲ့ကြတယ်လို့လည်း စွပ်စွဲထားပါတယ်။

လင်ဒါဆန်က နယူးယော့ခ်ပြည်နယ်အစိုးရမှာ အလုပ်လုပ်ခဲ့တဲ့ ၁၃ နှစ်အတွင်း နေရာအမျိုးမျိုးမှာ လုပ်ကိုင်ခဲ့ပါတယ်။ သူမအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အာရှ-အမေရိကန် ရေးရာတွေမှာ စိတ်ဝင်စား အလေးထားခဲ့တယ်လို့ ယူဆရပါတယ်။ ပြည်ထောင်စုရှေ့နေတွေရဲ့အဆိုအရတော့ သူမဟာ တရုတ်အစိုးရရဲ့ပြောကြားချက်တွေအတိုင်း အမှန်တကယ်အလေးထားတာလို့ ဆိုခဲ့ကြပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်တဲ့ တရုတ်တိုင်ပေအစိုးရတာဝန်ရှိသူတွေကို အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ခွင့် မရနိုင်ဖို့လည်းဆောင်ရွက်ခဲ့တယ်ဆိုပါတယ်။

လင်ဒါဆန်က ခမ်းနားထည်ဝါတဲ့ လူနေမှုဘဝပုံစံအတိုင်း Manhasset ရွာရှိ သူတို့ရဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အိမ်နဲ့ ဖာရာရီ အပါအဝင် ဇိမ်ခံကားများစွာဝယ်ယူနိုင်ဖို့ ငွေကြေးအများအပြားကို ဥပဒေနဲ့မညီ လက်ခံရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Queens liquor store ခေါ်တဲ့ အရက်စတိုးဆိုင်တစ်ဆိုင်ပိုင်ဆိုင်တဲ့ လင်ဒါဆန်ရဲ့ ခင်ပွန်းဖြစ်တဲ့ ခရစ်ဟူးကိုလည်း ငွေကြေးခဝါချမှုနဲ့ ဘဏ်လိမ်လည်မှုတွေအပါအဝင် စွဲချက်အများအပြားနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။

လင်ဒါဆန် က ၂၀၁၂ ခုနှစ်ကစလို့ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo နဲ့ မကြာခင်ကအထိ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul တို့လက်ထက်မှာ အုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်လို့ ခုလို တရုတ်နိုင်ငံအတွက် ထောက်လှမ်းရေးအဖြစ် ဆောင်ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံရခြင်းက များစွာအံ့အားသင့်ဖွယ်ရာဖြစ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ရှေ့နေတွေရဲ့ ပြောကြားချက်တွေအရ လင်ဒါဆန်အပေါ်စွပ်စွဲချက်တွေမှာ တရုတ်အရာရှိတွေ နယူးယော့ခ်မြို့ကိုလာနိုင်ဖို့ ဗီဇာပြုလုပ်ဖို့အတွက် အုပ်ချုပ်ရေးမှူး Kathy Hochul ရဲ့ လက်မှတ်အတုနဲ့ ဖိတ်ကြားစာတစ်စောင်ပြုလုပ်ပေးပို့ခဲ့ခြင်း၊ အရေးကြီးကိစ္စရပ်တွေအတွက် ပြည်ထောင်စုတာဝန်ရှိသူတွေရဲ့ သတင်းတွေကို တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီသို့ ပေးပို့ဖလှယ်ခဲ့ခြင်း၊ တရုတ်တာဝန်ရှိသူတွေအတွက် တရားဝင်ပြောကြားကြေညာချက်တွေကို သင့်တော်တဲ့လုပ်ပိုင်ခွင့်မရှိဘဲရယူခဲ့ခြင်းနဲ့ တစ်စုံတစ်ဦးအနေနဲ့ ပြည်ပအစိုးရတစ်ရပ်နဲ့ နိုင်ငံရေး ဒါမှမဟုတ် ထောက်ခံအားပေးမှုလုပ်ရပ်တွေမှာပါ ဝင်ပတ်သက်နေရင် တရားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ဖို့လိုတဲ့ ပြည်ပထောက်လှမ်းရေးမှတ်ပုံတင် အက်ဥပဒေကို ချိုးဖောက်ခြင်း စွဲချက်တွေပါဝင်တယ်လို့ သိရပါတယ်။

Ref- CBS

Leave a Reply

Your email address will not be published. Required fields are marked *