September 19, 2024

ပုံစာ။ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းရပ်ဆိုင်းမှုစာနှင့် စီမံကိန်းနှင့်ပတ်သက်သောအချက်အလက်များ (Photo - ISP & CJ)

◾ ရထိုက်ကုမ္ပဏီ၏ စီမံမှုဖြင့်မထွက်ခွာဘဲ မိမိအစီအစဥ်ဖြင့် ထွက်ခွာသူများ၏ အချက်အလက်ကို မြန်မာနှင့် နိုင်ငံတကာရဲတပ်ဖွဲ့ထံ ပေးပို့မည်

၄. ၉. ၂၀၂၄
Written by Nay Moe

နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် လူကုန်ကူးမှုများ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများကြောင့် ဝေဖန်ခံနေရသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းလုပ်ဆောင်နေသည့် ရထိုက်ကုမ္ပဏီနှင့် လုပ်ငန်းများအား အပြီးတိုင်ဖျက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက် လူမှုကွန်ရက်တွင် ထွက်ပေါ်ပျံ့နှံ့လာသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် ဩဂုတ် ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော အဆိုပါ ကြေညာချက်သည် စက်တင်ဘာ ၁၅ ရက်မှ စတင်၍ အကျုံးဝင်မည်ဖြစ်ပြီး နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် ရထိုက်ကုမ္ပဏီက လက်ရှိလုပ်ကိုင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအားလုံး အကန့်အသတ်မရှိရပ်ဆိုင်းမည်ဖြစ်၍ ရွှေက္ကိုလ်နှင့် ရထိုက်အပါအဝင်မြို့လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထား၍ အပြီးတိုင်ရွှေ့ပြောင်းပေးရန်လည်း ​ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်အရ ထွက်ခွာမည့်သူများအားလုံးသည် စက်တင်ဘာ ၈ ရက် နောက်ဆုံးထား၍ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ ၃၉၉၉၉ ဘတ် ပေးဆောင်ပြီး လာရောက်စာရင်းသွင်းရမည်ဖြစ်ကာ ရထိုက်မှ စီစဉ်ပေးသောကားဖြင့် မြဝတီမြို့သို့ ထွက်ခွာရမည်ဖြစ်သည်။ လာရောက်စာရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့်ထွက်ခွာသူများအား ရထိုက်မှ နိုင်ငံတကာရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံသို့ ကိုယ်ရေးအချက်အလက်များကို ပေးပို့သွားမည်ဖြစ်၍ လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးရန်အထူးပင် နှိုးဆော်တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ (၁၅ ကီလိုမီတာခန့်) အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု လူသိများသည်။

အဆိုပါစီမံကိန်းကို ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည်ဆိုသော ချစ်လင်းမြိုင်ကုမ္ပဏီနှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

ထိုမြို့သစ်စီမံကိန်းသည် ဧက သုံးသောင်းနီးပါး အကျယ်အဝန်းအထိ ဖြန့်ကျက်ရန်ရည်ရွယ်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ ကုန်ကျနိုင်မည်ဟု တွက်ချက်ထားသည့် စီမံကိန်းဖြစ်သော်လည်း ယခုနှစ်ပိုင်းအတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတည်ရှိနေသည်ဟု နိုင်ငံတကာ ဖိအားပေးမှုကြောင့် စီမံကိန်းရပ်တန့်လိုက်ခြင်းဖြစ်ပြီး MT News သတင်းဌာနအနေဖြင့် အဆိုပါထုတ်ပြန်ချက် မှန်မမှန်ကို ရထိုက်ကုမ္ပဏီအား ဆက်သွယ်မေးမြန်းနေကာ ဖြေကြားလာပါက ထပ်မံဖော်ပြပေးမည်ဖြစ်သည်။

ပုံစာ။ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းရပ်ဆိုင်းမှုစာနှင့် စီမံကိန်းနှင့်ပတ်သက်သောအချက်အလက်များ (Photo – ISP & CJ)

Leave a Reply

Your email address will not be published. Required fields are marked *