September 20, 2024

၄.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်အချို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေခြင်းကို တဖြည်းဖြည်းလျှော့ချ၊ ပြောင်းရွှေ့လာနေကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက တိုးတက်ကောင်းမွန်လာသော လက္ခဏာမျိုးမတွေ့ရကြောင်း သိရပြီး ထိုင်း Siam Cement Group (SCG) ကုမ္မဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Thammasak Sethaudom ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့စက်ရုံနှစ်ခု၏လုပ်ငန်းများကို ဆိုင်းငံ့ခဲ့ရသလို လုပ်ငန်းများ တိုးချဲ့မည့်အစီအစဉ်ကိုလည်း ဆိုင်းငံ့ခဲ့ရကြောင်း ပြောသည်။

အဆိုပါ ထိုင်းကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်းတို့ စက်ရုံနှစ်ခုတွင် ထိုင်းဘတ် ၈ သန်း ရင်းနှီးမြှုပ်နှံထားပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စက်ရုံအတွင်းရှိ စက်ပစ္စည်းအချို့ ခိုးယူခံရခြင်းများလည်းရှိနေကြောင်း၊ လုပ်ငန်းများ မကြာမီပြန်စတင်ရန်ကိုပင် မမျှော်လင့်နိုင်သေးကြောင်း SCG ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူက ထပ်မံပြောဆိုခဲ့သည်။

ထိုင်းအဖျော်ယမကာ ကုမ္မဏီတစ်ခုဖြစ်သော Osotspa Plc (OSP)ကလည်း မြန်မာနိုင်ငံရှိ Myanmar Golden Eagle ကုမ္ပဏီနှင့် Myanmar Golden Glass ကုမ္ပဏီတို့တွင် ရင်းနှီးမြှုပ်နှံထားသည့် ၎င်းတို့ရှယ်ယာများကို ပြန်လည်ရောင်းချသွားမည်ဟု မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။

Osotspa Plc (OSP) သည် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှစ်ခုတွင် ထိုင်းဘတ် ၁၃၆ သန်းရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။ ထိုင်းနိုင်ငံအခြေစိုက် TPBI Public Company ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် စီးပွားရေးမတည်ငြိမ်မှုများဖြစ်လာနေခြင်းကြောင့်TPBI & Myanmar Star Company ကုမ္ပဏီနှင့်ပတ်သက်သော အကောင့်များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

TPBI Public Company ကုမ္ပဏီက “လက်ရှိအချိန်မှာတော့ မြန်မာဈေးကွက်အတွင်း လုပ်ငန်းများ ပြန်လည်ဝင်ရောက်လုပ်ကိုင်မှာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့အခြေနေတွေ ၁၀၀ ရာခိုင်နှုန်း ပုံမှန်အတိုင်းပြန်ဖြစ်လာမယ်ဆိုရင်တော့ လုပ်ငန်းတွေပြန်လုပ်ဖြစ်မှာပါ” ဟု ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၁ ဘီလျံခွဲကျော်ရှိသော်လည်း နိုင်ငံရေးအကျပ်အတည်းကြောင့်ရင်းနှီးမြှုပ်နှံမှုများထွက်ခွာ၍ အချိန်တိုကာလအတွင်း ဒေါ်လာ ၄ ဒသမ ၄၅ ဘီလျံခန့်သာကျန်ရှိတော့သလို ထိုင်းနိုင်ငံ၏မြန်မာနိုင်ငံအတွင်းမြှုပ်နှံမှုသည်လည်း အဆင့် (၃) မှ အဆင့်(၅) သို့ ကျဆင်းသွားခဲ့သည်။

REF, thestar

Leave a Reply

Your email address will not be published. Required fields are marked *