September 20, 2024

၄. ၉. ၂၀၂၄
Written by Nay Moe

စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား လူမှုဒုက္ခများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်နေသည့် MNDAA ၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ်ကြေညာမှုအပေါ် အပြည့်အဝထောက်ခံသည်ဟု နိုင်ငံရေးပါတီ ၂၅ ခုက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ တို့ဖြင့် The Myanmar National Democratic Alliance Army (MNDAA) Ta’ang National Liberation Army (TNLA) & United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။

အဆိုပါအကြမ်းဖက်အုပ်စုများသည် အများပြည်သူ၏လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ အရေးကြီးသော အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ၊ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ လူနေထူထပ်သည့် မြို့ရွာများအား ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ရဟန်းသံဃာ/ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ပါသည်။

၎င်းအပြင် တက္ကသိုလ်/ကောလိပ်/ စာသင်ကျောင်းများအား ဖျက်ဆီးခြင်း၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေပါသည်။

ဤကဲ့သို့စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူမျာအား လူမှုဒုက္ခများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရေးပါတီများက ပူးတွဲသဘောထားကြေညာချက်များထုတ်ပြန်၍ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းအား သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား မိမိတို့နိုင်ငံရေးပါတီများက အပြည့်အဝ ထောက်ခံပါကြောင်းနှင့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး ပူးတွဲသဘောထားထုတ်ပြန်ကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *