September 20, 2024

၃.၉.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊​ မြန်မာ-တရုတ်နယ်စပ်၊ နန်းတော်ပေါက်နယ်စပ်ဂိတ်တွင် ယနေ့ စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ယာယီနယ်စပ်ဖြတ်သန်းခွင့် တစ်ပတ်ကတ်လာရောက်တန်းစီသူ လူငယ်တစ်ဦးကို နေရာရောင်းစားသူအမျိုးသားက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားဖြင့်အထိုးခံရသူမှာ အသက် ၂၀ ကျော် အမျိုးသားဖြစ်ပြီး ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် မူဆယ် ပြည်သူ့ဆေးရုံကြီးသို့ မေတ္တာပန်းခင်းပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“တန်းစီတဲ့ နေရာရောင်းစားတဲ့သူက လာတန်းစီတဲ့သူကို ဓားနဲ့ထိုးတာ။ ဓားနဲ့ထိုးတဲ့သူကတော့ ထွက်ပြေးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မှတစ်ဆင့် တရုတ်ပြည်၊ နယ်စပ်သို့သွားရောက်ရာတွင် တစ်ပတ်တာသက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်​ဖြင့် ခွင့်ပြုထားကြောင်းသိရသည်။ တစ်ပတ်ကတ်ရရှိရန်အတွက် မြန်မာဘက်မှ သွားရောက်မည့်သူများက ​​​မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင်တန်းစီကာ ထုတ်ယူရပြီး တန်းစီရန်အတွက် နေရာဦးကာ နေရာရောင်းစားသူများလည်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *