September 20, 2024

၃ . ၉. ၂၀၂၄
Written by Nyein Kyaw

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား တုံ့ပြန်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက် နေထိုင်နေသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရမှု၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက် ခိုလှုံနေကြရမှုများရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူ လူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ကိုလုပ်ဆောင်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *