September 20, 2024

၃.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊သခင်ဘသောင်းရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်ထဲ၌ အရက်အတူတူသောက်နေချိန် တူဖြစ်သူက ဦးလေးကို သစ်သားတုတ်ဖြင့်ရိုက်၍ ဦးလေးဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၂ ရက် ည ၈ နာရီကျော်တွင် နေ့စဥ်နေ့တိုင်း အရက်အတူတူသောက်သည့် ဦးလေးနှင့်တူဖြစ်သူတို့ စကားများရန်ဖြစ်ရာ တူဖြစ်သူက အနီးတွင်ရှိသည့် သစ်သားတုတ်ဖြင့် ဦးလေးကိုရိုက်ရာက ဦးလေးဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ရရှိ၍ ရပ်ကွက်ရှိတာဝန်ရှိသူများက ဆိပ်ကြီးခနောင်တိုဆေးရုံသို့ ပို့ဆောင်ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသမှုခံယူနေစဥ် စက်တင်ဘာ ၃ ရက် ညနေခင်းအချိန်၌ သေဆုံးသွားကြောင်း သိရသည်။

“အရင်ကလည်း တူတူသောက်နေတာ။ သူတို့က အတူတူနေကြတာ။ အဲ့ဒီနေ့က စကားများပြီး တူက ဦးလေးကို သစ်သားတုတ်နဲ့ရိုက်တာ။ ဒဏ်ရာတွေကတော့ မေးစေ့၊ မျက်ခုံးနဲ့ လက်မှာဒဏ်ရာတွေရတယ်။ တူဖြစ်သူကိုတော့ ရဲစခန်းပို့လိုက်တယ်” ဟု ဖြစ်စဥ်သိရှိသည့် ဆိပ်ကြီးခနောင်တိုမြို့တွင် နေထိုင်သူတစ်ဦးက MT News သို့ပြောသည်။

သေဆုံးသည့် ဦးလေးဖြစ်သူမှာ အသက် ၄၉ နှစ်အရွယ် ကိုအောင်မြင့်ကျော်ဆိုသူဖြစ်ပြီး၊ ကျူးလွန်သည့်တူဖြစ်သူ ပြည့်စုံအောင်ဆိုသူကို ဆိပ်ကြီးခနောင်တိုရဲစခန်းမှ မူလဖွင့်ထားသည့်ရာဇသတ်ကြီးပုဒ်မ၂၉၄၊ ၃၂၅မှ လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်လိုက်ကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *