September 20, 2024

◾️ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အကြမ်းဖက် သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေး ဆောင်ရွက်ရန်ပါ ပြောကြား

၃. ၈. ၂၀၂၄
Written by Nyein Kyaw

MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်၍ ၎င်းတို့နှင့် ဆက်နွယ်နေသူများသည်လည်း အကြမ်းဖက်အားပေးနေသူများပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းအေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအားစစ်ဆေးစဉ် ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများကိုကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်နွယ်နေသူများ အနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်းမွန်သော ပြည်သူ့ရေးရာဝန်ဆောင်မှုဖြစ်စေရန်နှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်နေရန်လိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့် သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများသွားလာမှုရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများမရှိအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်းကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဒေသများအတွင်း၌လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *