September 19, 2024

ရန်ကုန်-နေပြည်တော်ပြေးဆွဲမည့် ဒုတိယမြောက် EV Bus ခရီးစဉ်ဖြစ်လာမည်ဟုပါ သိရ

၃.၉.၂၀၂၄
Written By Zun

ရန်ကုန်-မန္တလေးခရီးစဉ်ကို ယခုလကုန်ပိုင်းတွင် EV Bus ကားများဖြင့် ပထမဆုံးအကြိမ်ပြေးဆွဲမည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းက သိရသည်။

အဆိုပါခရီးစဉ်ကို တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Yutong အမျိုးအစား EV Bus များဖြင့်ပြေးဆွဲမည်ဖြစ်ရာ ယခုအခါ တရုတ်နိုင်ငံဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း၊ ယင်းယာဉ်များဖြင့် ရာဇာမင်းခရီးသည်တင် ယာဉ်လိုင်းက ရန်ကုန်-မန္တလေး၊ ရန်ကုန်- နေပြည် တော်သို့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် EV Bus ဖြင့် ရန်ကုန်-မန္တလေးပြေးဆွဲမည့် ပထမဆုံးယာဉ်လိုင်းမှာ ရာဇာမင်းခရီးသည် တင်ယာဉ် လိုင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ရန်ကုန် – နေပြည်တော် ခရီးစဉ်ကို မန္တလာမင်းက EV Bus များဖြင့် ပြေးဆွဲခဲ့၍ ရာဇာမင်းခရီးသည်တင်ယာဉ်လိုင်းက နေပြည်တော်သို့ပြေးဆွဲမည့် ဒုတိယမြောက် EV ယာဉ်လိုင်းဖြစ်လာကြောင်းလည်းသိရသည်။

“၉ လပိုင်းကုန်ရင် ပြေးဆွဲတော့မှာပါ။ ဟုတ်ပါတယ်”ဟု ရာဇာမင်း ခရီးသည်တင်ယာဉ်လိုင်း တာဝန်ရှိသူက MT News ကို စက်တင်ဘာလ ၃ ရက်က ပြောသည်။

နေပြည်တော်သို့ EV Bus ယာဉ်များဖြင့်ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်တင်ယာဉ်လိုင်းက ရန်ကုန်မှ နံနက် ၇ နာရီတွင်ပြေးဆွဲပေးပြီး နေပြည်တော်က နံနက် ၆ နာရီတွင် ပြေးဆွဲကြောင်း၊ လူတစ်ဦးလျှင် ၂၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

သို့သော်လည်း ရန်ကုန်-မန္တလေးခရီးစဉ်အတွက် လူစီးနှုန်းထားများကို ရာဇာမင်းခရီးသည်တင်ယာဉ်လိုင်းက ထုတ်ပြန်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလ ပထမပတ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီကပြုလုပ်ခဲ့သော အစည်းအဝေး တစ်ခုအတွင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ပမှဝယ်ယူတင်သွင်းနေရသော လောင်စာဆီလျော့နည်းသက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် လျှပ်စစ်စွမ်းအားသုံးယာဉ် (EV)ယာဉ်များကို အစားထိုးအသုံးပြုနိုင်ရေးစီမံနေကြောင်းနှင့် နေပြည်တော်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်သုံး EV Bus များပြေးဆွဲနိုင်ရန်အတွက် လမ်းကြောင်းများ လျာထား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *