September 19, 2024

ဖြိုးဝေ
၃. ၉. ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ မူးယစ်ဆေးချက်လုပ်နေတယ်လို့ အာဆီယံဝန်ကြီးတွေရဲ့ ၁၈ ကြိမ်မြောက် AMMTC အစည်းအဝေးအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ် တရားဝင်ထုတ်ပြောလိုက်တဲ့အပြင် အွန်လိုင်းလိမ်လည်မှုနဲ့ ငွေကြေးလိမ်လည်မှုတွေအတွက် လူကုန်ကူးခံနေရသူ ၅၄၃၇၃ ဦးကယ်ဆယ်ထားနိုင်ပြီး ဒီလို အွန်လိုင်းလိမ်လည်မှုဟာ နယ်စပ်ဖြတ်ကျော်ကျုးလွန်မှုတွေဖြစ်တာကြောင့် တရားခံတွေ ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ အခြားသောနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထုတ်ပြောလိုက်တဲ့ ရက်သတ္တပတ်မှာပဲ ထိုင်းဘဏ်အချို့က မြန်မာဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှု ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှားတွေ ထုတ်လွှင့်မှုကိုလည်း ထပ်မံမြင်တွေ့ရပြန်ပါတယ်။

အခြားတစ်ဖက်မှာလည်း NUG ဩဇာခံ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ပဲခူး)၊ သာယာဝတီ ခရိုင်တပ်ရင်းအမှတ်(၁) က တပ်ရင်းမှူး(ယာယီ) မိုးကြိုးကြီး ဆိုသူက ပဲခူးရိုးမအတွင်း ကျွဲဆွဲသွားကြတဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေဖြစ်တဲ့ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင် – ကံကြီးရွာနေ ၁။ ကိုငြိမ်းချမ်းကိုကို (ဘ) ဦးမြင့်လွင်၊ ၂။ ကိုရဲလင်းကို (အဘ) ဦးမြင့်ကြိုင်၊ ၃။ ကိုစန်းအောင် (အဘ) ဦးကိုကျင် ၊ ၄။ ကိုပီကေ (အဘ) ဦးအောင်ကြီး၊ ၅။ ကိုတင်မောင်အေး (အဘ) ဦးမြင့်တို (၅)ဦးကို အခု ဩဂုတ်လအတွင်း ဖမ်းဆီးစစ်ဆေးပြီး ပျူစောထီးတွေလို့ စွပ်စွဲသတ်မှတ်ကာ ဖမ်းဆီးချုပ်နှောင်ထားရှိဖို့ ထောင်/အချုပ် မရှိဘူး အကြောင်းပြချက်နဲ့ ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့မှုအတွက် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုအတွက်အမြန်ဆုံး စစ်ဆေးဖော်ထုတ် အပြစ်ပေး အရေးယူပေးနိုင်ဖို့ တောင်းဆိုခဲ့တဲ့ဖြစ်စဉ်၊ PDF တွေ တိုက်ခိုက်ဖျက်ဆီးထားလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းက ၈ ခုအထိ ရှိနေသလို မလည်ပတ်နိုင်တဲ့အခြားစီမံကိန်းတွေကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှု မရှိတဲ့ ပမာဏက မဂ္ဂါဝပ် ၁၆၀၀ ကျော်အထိ ရှိနေတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF ကြီးစိုးနယ်မြေမှာ ဖြစ်ပွားမှုများလာတဲ့ လူသတ်မှုတွေအကြောင်း၊ သက်ငယ်မုဒိမ်းတရားခံ NLD ပါတီအတွင်းရေးမှူးကို ကာကွယ်ပေးနေတဲ့ NUG အကြောင်း၊ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်းနဲ့ TNLA အပစ်မရပ်ရင် ဆုံးမမယ်ဆိုတဲ့ တရုတ်အမိန့်စာ အငြင်းပွားဖွယ်ရာအခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

PDF ကြီးစိုးနယ်မြေမှာ ဖြစ်ပွားမှုများလာတဲ့ လူသတ်မှု

နိုင်ကျဥ်းဟောင်းဖြစ်သလို PDF တပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးဌာနတာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီဟာ တပ်မတော်စိုးမိုးထားမှုမရှိဘဲ လက်နက်ကိုင်တွေ ကြီးစိုးထားရာနယ်မြေမှာ ဩဂုတ်လ ၂၇ ရက်နေ့က ရက်ရက်စက်စက်လူမဆန် စွာ မတရား လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ YRF က ထုတ်ပြန်ပါတယ်။ YRF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရဲဘော်သန်းထိုက်ဟာ ဘယ်လိုပုံစံနဲ့သတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကို ဖော်ပြမထားပေမယ့် လက်ရှိကာလမှာ PDF အဖွဲ့တွေ အုပ်စိုးထားတဲ့ဒေသတွေမှာ လက်နက်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ PDF အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဖော်ပြထားတဲ့အပြင် ဒီလို တန်ပြန်တော်လှန်ရေးလုပ်ရပ်တွေကို တိုးတက်တဲ့တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းအနေနဲ့ ပူးတွဲစုံစမ်းဖော်ထုတ်ခြင်းလုပ်ငန်းတွေ ပူးတွဲအုပ်ချုပ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ အားနည်းနေတယ်လို့ ပြောထားတာတွေ့ရပါတယ်။ ဒီဖြစ်စဥ်မှာ ရဲဘော်သန်းထိုက်ကိုသတ်သူတွေက NUG ရဲ့ ပသုံးလုံး (ပကဖ၊ ပလဖ၊ ပအဖ) အဖွဲ့တွေက သတ်တာဖြစ်မယ်လို့လည်း PDF တွေနဲ့ ဆက်နွှယ်သူတွေက မှတ်ချက်ပြုခဲ့ကြတာ တွေ့ရပေမဲ့ ရဲဘော်သန်းထိုက် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး NUG က နှုတ်ဆိတ်နေဆဲဖြစ်သလို PDF အဖွဲ့တွေ အုပ်စိုးထားတဲ့ဒေသတွေမှာ လက်နက်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ PDF အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတယ်ဆိုတာကိုလည်း ဖြေရှင်းမပေးဘဲ မသိကျိုးကျွံထားခဲ့တာ တွေ့ရပါတယ်။

NUG ဟာ သူ့ ဩဇာခံ PDF တွေနဲ့ ပသုံးလုံးလို့ အမည်တပ်ခံရတဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေ သေနတ်ကိုင်ရမ်းကားတာကို ထိန်းချုပ်နိုင်မှုမရှိတဲ့ ပြည်ပထွက်ပြေးလေလှိုင်းအစိုးရအဖွဲ့သာဖြစ်တာကြောင့် လတ်တလောမှာဆိုရင်လည်း LPDF တွေကို၊ NUG ဩဇာမခံတဲ့ လက်နက်ကိုင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရတာ၊ မေလ ၂၃ ရက်လည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်ရဲ့ အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရတာ၊ အမျိုးသမီးချင်း ချစ်ကြိုက်နေလို့ ဝက်လက် PDF တပ်စိတ်မှူးငပြည့်ကို ပြန်မကြိုက်တဲ့ မယုမွန်ထက်ကို ဖေဖော်ဝါရီ ၂၆ ရက်က မိဘရှေ့တင် ဝက်လက်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ၂ က တပ်စိတ်မှူးငပြည့်က ပစ်သတ်လိုက်တဲ့ဖြစ်စဉ်တွေကိုလည်း တိုင်တာကို လျစ်လျှူရှုထားတာပါ။ ဒါ့အပြင် ငပြည့်ရဲ့ ဝက်လက်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-၂ ဟာ ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး PDF တပ်ဖွဲ့တွေမှာ နာမည်ပျက်အရှိဆုံးအဖွဲ့ဖြစ်သလို ဝက်လက်ဒေသန္တရ PDF တွေကို မကြာခဏနှိပ်စက်သတ်ဖြတ် အနိုင်ကျင့်နေပြီး ၂၀၂၂ ခုနှစ် အတွင်းကလည်း ဗိုလ်ကျားကြီး LPDF အဖွဲ့ကို ဖမ်းဆီးသတ်ဖြတ်လို့ ၂ ဦးသေဆုံးပြီး CDM ဆရာမတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခဲ့ရတဲ့အပြင် GZ Special Task Force အဖွဲ့က LDF အဖွဲ့ဝင်များစွာကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေ ကျုးလွန်တဲ့ ဒီဖြစ်စဥ်တွေကို တိုင်ကြားဆန္ဒပြပေမဲ့လည်း တရားခံဖော်ထုတ်အရေးယူဖို့ NUG ဟာ မသိဟန်ဆောင် နှုတ်ဆိတ်နေဆဲဖြစ်ပြီး NUG ကို ယုံကြည်မိတဲ့သူတွေအဖို့တော့ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်ခံနေရတော့တာပါပဲ။

သက်ငယ်မုဒိမ်းတရားခံ NLD ပါတီအတွင်းရေးမှူးကို ကာကွယ်ပေးနေတဲ့ NUG

ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခဖြစ်ပေမဲ့ NUG ကို ယုံကြည်ပြီး CDM လုပ်မိတာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးချိန်မှာ ငါးနှစ်အရွယ်သမီးငယ်ကို ခေါ်ဆောင်သွားတာကြောင့် သမီးဖြစ်သူဟာ NUG ကို ထူထောင်ခဲ့တဲ့ NLD ပါတီရဲ့ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်မှုခံလိုက်ရတာပါ။ ဒီဖြစ်စဥ်ကို NUG ထံ တိုင်ကြားခဲ့ရာမှာ NUG ရဲ့ PDF တွေက မဲဆောက်အထိ အောင်မင်းကို ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့အပြီး တစ်နှစ်ကျော်အကြာ အခု ဩဂုတ် ၃၀ မှ သက်ငယ်မုဒိမ်းပြုကျင့်သူအောင်မင်းကို အရေးယူပေးဖို့ ပြန်လည် တောင်းဆိုကြတာကြောင့် NLD ပါတီရဲ့ တွံတေးအတွင်းရေးမှူးသက်ငယ်မုဒိမ်းတရားခံ အောင်မင်းကို NUG က ဟန်ပြ ဖမ်းဝရမ်း ထုတ်လာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခဖြစ်ပေမဲ့ NUG ကို ယုံကြည်ပြီး CDM လုပ်မိတာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာရသူအမျိုးသမီးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးငယ်နဲ့အတူ တွံတေး NLD ပါတီရဲ့ အတွင်းရေးမှူး အသက် ၆၅ နှစ်ဝန်းကျင် အောင်မင်းတို့ မိသားစုဘေးနေအိမ်မှာ အတူနေထိုင်ရင်း ၂၀၂၃ ဧပြီကာလ ဆုန်ခရန်သင်္ကြန်တွင်းမှာ အောင်မင်းက ငါးနှစ်သမီးလေးကို ရှေ့အင်္ဂါရော၊ နောက်အင်္ဂါကိုပါ စပ်ယှက်ပြီး သက်ငယ်မုဒိမ်းကျင့်မှုအပြင် ဓမ္မတာနဲ့ဆန့်ကျင်ပြီးပါ မုဒိမ်းကျင့်ခဲ့တာပါ။ အဲဒါကြောင့် CDM လုပ်မိတဲ့ ဒေါက်တာဘွဲ့ရမိခင်က Suwannamit Foundation ကို အမှုအပ်ပြီး၂၀၂၄ မေလဆန်းမှာ NUG ကို တိုင်စာပိုခဲ့သလို မဲဆောက်ခရိုင်တရားရုံးမှာလည်း လျှောက်ထားခဲ့တာပါ။ အဲဒီနောက်မှာတော့ သက်ငယ်မုဒိမ်းတရားခံ တွံတေး NLD ပါတီ အတွင်းရေးမှူးအောင်မင်းဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ရင် NUG ရဲ့ ဇာတ်ရှုပ်တွေပါ ပေါ်မှာစိုးရိမ်လာတာကြောင့် NUG ရဲ့ PDF တွေဟာ သက်ငယ်မုဒိမ်းတရားခံအောင်မင်းကို တိုင်စာရောက်အပြီး နောက်ရက်မှာပဲ မဲဆောက်အထိတက်ပြီး ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ အမှူက မဲဆောက်ဆေးရုံကြီး၊ မဲဆောက်ရဲစခန်းနဲ့ မဲဆောက်တရားရုံးအထိရောက်သွားတာကြောင့် ထိုင်းအစိုးရထံ သက်ငယ်မုဒိမ်းမှုတရားခံ NLD ပါတီအတွင်းရေးမှူးအောင်မင်းကို လွှဲပြောင်းပေးရမဲ့အလားအလာရှိတာကြောင့် ဖမ်းမိပြီးရက်ပိုင်းအတွင်းမှာပဲ အောင်မင်းက ထွက်ပြေးတယ်ဆိုတဲ့ စာတစ်စောင်ချန်စေခဲ့ပြီး PDF တွေဘက်က လွှတ်ပေးလိုက်တာပါ။

ဒီအမှူဖြစ်စဥ်နဲ့ပတ်သက်လို သက်ငယ်မုဒိမ်းတရားခံအောင်မင်းကို NUG နဲ့ PDF တွေက ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးပြီး တစ်နှစ်နဲ့လေးလအကြာ ၂၀၂၄ ဩဂုတ်လကြမှ အမျိုးသမီးနဲ့ကလေးသူငယ်အရေးလှုပ်ရှားသူတွေက တစ်ကျော့ပြန်တောင်းဆိုလာမှ အောင်မင်းကို NUG က ဟန်ပြ ဖမ်းဝရမ်းထုတ်ပေမဲ့ လက်ရှိအချိန်မှာတော့ NUG နဲ့ PDF တွေလက်ထဲက လွတ်မြောက်သွားတဲ့အောင်မင်းဟာ ဘယ်သူနဲ့မှအဆက်အသွယ်မရတော့ဘဲ လုံးဝပျောက်ဆုံးနေပြီဖြစ်ပါတယ်။

NUG ရဲ့ PDF တွေဟာ အမျိုးသမီးတွေကို ဖမ်းဆီးမုဒိမ်းကျင့်မှု မကြာခဏကျုးလွန်ပေမဲ့ NUG က အရေးမယူခဲ့သလို တရားခံတွေဖမ်းပြီးမှ ပြန်လွှတ်ပေးတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကျေးရွာတစ်ခုက NUG ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်မှုနဲ့ ၂၀၂၃ ဧပြီလအတွင်းမှာ ရန်ကုန်ကနေ ဆောမြို့နယ်ကို လာအလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ဒီဖြစ်စဥ်နှစ်ခုမှာ တရားခံတွေကို ဖမ်းပြီးမှ ထွက်ပြေးလွတ်မြောက်သွားတယ်ခေါင်းစဥ်နဲ့ ပြန်လွှတ်ပေးမှုရှိခဲ့ပါတယ်။ NUG ဟာ PDF တွေနဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ လူသတ်မုဒိမ်းမှုတွေကို ကာကွယ်ပေးနေတာ၊ မသိကျိုးကျွံလုပ်နေတာဟာ တစ်ဖက်မှာကြည့်ရင် ထူးဆန်းပေမယ့်လည်း တစ်ဖက်ကကြည့်ရင်​တော့ ပြည်တွင်းမှာ မနေရဲဘဲ ပြည်ပမှာ မိသားစုကောင်းစားဖို့ ပြည်သူလှူတဲ့ငွေနဲ့ အစိုးရအမည်ခံပြီး ပြည်သူ့ငွေ ထိုင်ဖြုန်းနေတဲ့ လေလှိုင်းအစိုးရအဖွဲ့ဆိုတဲ့အမြင်နဲ့ သုံးသပ်ကြည့်မယ်ဆိုရင်တော့ NUG ဟာ သူတို့ ပြည်ပမှာ သက်သောင့်သက်သာ အေးအေးချမ်းချမ်းနေရဖို့ ဆက်ကြေးကောက်၊ အခွန်တောင်း၊ လုယက်၊ အလှူခံကြွေးနေတဲ့ ရေသောက်မြစ်လို လက်နက်ကိုင် PDF တွေကို မပြောရဲတော့တာလို့ အမှန်မြင်လိုက်ရင်တော့ PDF နဲ့ ပသုံးလုံးတွေရဲ့ စစ်ရာဇဝတ်မှုတွေ မသိကျိုးကျွံလုပ်ထားမှုက မဆန်းဘူးလို့ ဆိုရမှာပါ။

အကြမ်းဖက်သတ်မှတ်ခံရတဲ့ မြောက်ပိုင်းသုံးဖွဲ့

လက်နက်တွေကို အသာထားပြီး ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လာမလားဆိုတဲ့ အတွေးနဲ့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ တအာန်းလက်နက်ကိုင် TNLA တို့ကို စောင့်ကြည့် အချိန်ပေးခဲ့ပေမဲ့လည်း မြို့ ၇၀ ကျော်လောက် စစ်မီးတောက်ပြီး ပြည်သူသိန်းချီ စစ်ရှောင်ဒုက္ခသည်ဖြစ်အောင်၊ စစ်ရှောင်သွားချိန် ပြည်သူ့နေအိမ်တွေ ဖောက်ထွင်းခိုးယူမှု၊ ပြည်သူတွေကို သတ်ဖြတ် စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်လာတာ သုံးနှစ်အကြာမှာတော့ MNDAA နဲ့ TNLA တို့ကို အကြမ်းဖက်အဖြစ် စက်တင်ဘာ ၂ ရက်မှာ သတ်မှတ်ကြေညာလိုက်ပြီဖြစ်သလို သူတို့နဲ့ ပုလင်းတူဘူးဆို့ဖြစ်တဲ့အပြင် ဘင်္ဂါလီတွေကိုပါ သတ်ဖြတ်မုဒိမ်းကျင့်မှု အပိုဆောင်းထားတဲ့ ရခိုင်လက်နက်ကိုင် AA ကိုပါ အကြမ်းဖက်အဖွဲ့အဖြစ် တစ်ကျော့ပြန်ကြေညာလိုက်တာ တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖြစ်ကနေ ရှေးတုန်းက စစ်ဘုရင်တွေလို တိုင်းရင်းသားနယ်မြေလုလက်နက် ကိုင်အဖွဲ့ဖြစ်လာတဲ့ MNDAA ၊ TNLA ၊ AA တို့ကို မြို့ပေါင်း ၇၀ ကျော် လက်လွှတ်လိုက်ရပြီးမှ အကြမ်းဖက်အဖြစ် ကြေညာတာက အချိန်နှောင်းသွားပြီလားလို့ မေးမြန်းသံတွေ ရှိပေမဲ့လည်း အကြမ်းဖက်ကို အကြမ်းဖက်လို့ သတ်မှတ်ပြီးရင် အမြစ်ပြတ်ချေမှုန်းပြီး သူတို့ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေကို ပြန်လည်ထူထောင်ရေးလုပ်ပေးမယ်ဆိုရင် တစ်နိုင်ငံလုံးက စိုးရိမ်နေကြတဲ့ Proxy War ကြောင့် အချုပ်အခြာအာဏာ လက်လွှတ်ရပြီး မြန်မာပြည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်ဖွယ်ရှိနေတဲ့ အခြေအနေကို ပြန်လည်တည်ဆောက်နိုင်ရင်တော့ အချိန်မနှောင်းသေးပါဘူးလို့ သုံးသပ်ရမှာပါ။

TNLA အပစ်မရပ်ရင် ဆုံးမမယ်ဆိုတဲ့ တရုတ်အမိန့်စာ ဝိရောဓိ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရောက်လာပြီး မြန်မာနိုင်ငံနဲ့ အရေးကြီး သဘောတူညီချက်တွေ ယူအပြီးမှာ တရုတ်နိုင်ငံဘက်က တအာန်းလက်နက်ကိုင် TNLA ကို အပစ်မရပ်ရင် “ကြောက်ရွံကျိုးနွံမှုနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”လို့ သတိပေးစာ ပေးပို့လာခဲ့တာ တွေ့ရပါတယ်။

တရုတ်ရုံးစာ နားလည်သူတွေနဲ့ စာရွက်အနေအထားအရ တရုတ်နိုင်ငံ( ရွှေလီအမျိုးသားလုံခြုံရေးကော်မတီ)က ပေးပို့တဲ့ ဒီစာဟာ အတုလို့ ပြောကြပေမဲ့လည်း TNLA အဖို့တော့ အရေးကြီးအစည်းအဝေးလုပ်ပြီး ဒီစာအပေါ် ဆွေးနွေးခဲ့ရသလို CRPH ၊ NUG ကို ထူထောင်တဲ့ NLD ပါတီဟောင်းရဲ့ CEC ဖြစ်ခဲ့သူ ဦးအောင်ကြည်ညွန့် ဦးဆောင်မှုအပါအဝင် စုပေါင်းခေါင်းဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ NUCC (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ) ကလည်း နယ်မြေလုတိုက်ပွဲဆင်နွှဲနေတဲ့ TNLA ကို တရုတ်နိုင်ငံက အပစ်အခတ်ရပ်ဖို့ သတိပေးစာပို့တဲ့အပေါ် ရှုတ်ချတယ်လို့ ထုတ်ပြန်လာတာ၊ တခြားသော တော်လှန်ရေးအမည်တပ်ထားတဲ့ အဖွဲ့တွေက ကန့်ကွက်စာပို့လာတာကို တွေ့ရတာကြောင့် ဒီစာဟာ တရုတ်နိုင်ငံဘက်က အမှန်တကယ် သတိပေးလိုက်တာလို့ ယူဆရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူကလည်း AFP သတင်းဌာနရဲ့ မေးမြန်းမှုဖြစ်တဲ့ TNLA အပစ်ရပ်ဖို့ တရုတ်နိုင်ငံက သတိပေးစာပေးပို့တာ မှန်မမှန် မေးမြန်းမှုကို မငြင်းဆန်ဘဲ ပဋိပက္ခတွေ လျော့ပါးအောင် လုပ်ဆောင်နေတယ်လို့ ဖြေခဲ့တာ၊ ဒီလိုမျိုး အမေးအဖြေလုပ်မှုကိုပဲ တရုတ်သံရုံးက ထူးထူးခြားခြား တစ်ပိုဒ်တည်းထုတ်ပြီး လူမှုကွန်ရက်မှာ သက်ဆိုင်ရာဘက်အသီးသီးက သိအောင် မျှဝေခဲ့တာ၊ MT News ရဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားမှုအရလည်း တရုတ်နိုင်ငံဘက်က TNLA အပစ်ရပ်ဖို့ နှုတ်နဲ့ သတိပေးတာကို TNLA ဘက်က အပစ်မရပ်ချင်တဲ့အပြင် NUG နဲ့ PDF တွေ NUG ထောက်ခံသူတွေ သူတို့အပေါ် ထောက်ခံလာပြီး တရုတ်နိုင်ငံကို ဆန့်ကျင်အောင် သူတို့ကိုယ်တိုင် အမိန့်စာအတုလုပ်ခဲ့တာလို့ စုံစမ်း သိရပါတယ်။ ဒါကြောင့်မို့လို့လည်း အများအမြင်မှာ အတုအစစ် ဝိဝါဒမကွဲတဲ့ ဒီအမိန့်စာကို TNLA က အရေးတကြီး ဆွေးနွေးခဲ့ရသလို NUCC ကလည်း ကန့်ကွက်စာထုတ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကပါ TNLA ကို အလိုကျ တရုတ်နိုင်ငံကို ဆန့်ကျင်ခဲ့တာ မြင်ခဲ့ရတာပါ။

အခြားတစ်ဖက်မှာဆိုရင်လည်း တရုတ်နိုင်ငံက သတိပေးတယ်ဆိုတဲ့ မရှေးမနှောင်းတင် မြောက်ပိုင်း လက်နက်ကိုင်တွေရဲ့ တရုတ်နိုင်ငံဘက်က ယွမ်ဘီလျံချီရှိတဲ့ အကောင့်တွေကို တရုတ်ဘက်က ထိန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာ၊ “၀” ဘက်ကလည်း တစ်ကျော့ပြန်စစ်သားစုဆောင်းမှု လုပ်ဆောင်လာတာကို မြင်ရပါတယ်။ ဒီလိုအခြေအနေတွေဟာ တရုတ်ဘက်က TNLA ကို အပစ်ရပ်ဖို့ အမှန်တကယ်သတိပေးထားတယ်ဆိုတာ မြင်သာစေခဲ့သလို MNDAA ၊ TNLA ၊ AA နဲ့ သူတို့ ခိုင်းတာ လုပ်နေတဲ့ NUG ရဲ့ မန္တလေး PDF အပါအဝင် PDF တွေကလည်း မထူးဇာတ်ခင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့သဘော မြင်ရတာမို့လို့ ရွေးကောက်ပွဲမလုပ်နိုင်မချင်း အရင်ထက်အားပြင်းတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်မြို့သိမ်းတိုက်ပွဲတွေ မြင်လာရနိုင်သမို့ ပြည်သူလူထုအနေနဲ့ အထူးသတိထား အသက်မွေးရမယ့် အချိန်အခါမျိုး မြင်နေရပါပြီလို့ ထင်မြင်မိသလို ပြည်သူ့အသက်အိုးအိမ်စည်းစိမ် မပျက်သုဉ်းချင်ရင် အကြမ်းဖက်သမားတွေကို ထောက်ပံ့တာရပ်ဖို့လိုပြီလို့ပဲ အကြံပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *