September 19, 2024

လတ်တလောတွင် ပျောက်ဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားဟု ကနဦးသိရ

၃.၉. ၂၀၂၄
Written by Shwe Phyo

လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ဦးတည်မောင်းနှင်လာသော ခရီးသည်တင် စက်လှေတစ်စီး  မဲခေါင်မြစ်အတွင်း စက်တင်ဘာ ၂ ရက် ညနေပိုင်းက နစ်မြုပ်ခဲ့ရာမြန်မာနိုင်ငံသားအနည်းဆုံး ၂၀ ခန့်ပျောက်ဆုံးနေကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် Thai PBS သတင်းဌာနက ခရီးသည်တင် စက်လှေပေါ်တွင် လူပေါင်း အနည်းဆုံး ၄၀ ခန့်လိုက်ပါလာပြီး လှေနစ်ချိန်တွင် ပတ်ဝန်းကျင်ရှိအခြားလှေများက ခရီးသည်များကို ကယ်တင်ပေးခဲ့သည့်အတွက် ခရီးသည် ၂၀ ခန့် ဘေးကင်းမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။ ရှာဖွေကယ်ဆယ်ရေးသမားများသည် ခရီးသည်တင်လှေနစ်မြှုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများက အဆိုပါခရီးသည်စက်လှေသည် လာအိုနိုင်ငံမှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး လှေပေါ်တွင် မြန်မာနိုင်ငံသား ခရီးသည် ၄၀ ဦးလိုက်ပါလာခဲ့ကြောင်း ပြောသည်။ အဆိုပါ ခရီးသည်တင်စက်လှေသည် မောင်းနှင်နေချိန်အတွင်း အင်ဂျင်စက်ပိုင်းဆိုင်ရာချို့ယွင်းချက်များဖြစ်လာခဲ့ပြီး တာချီလိတ်မြို့အနီးရှိ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ရှိ မဲခေါင်မြစ်နားတွင် ရပ်တန့်ကာ  မြစ်ရေစီးအားသန်နေချိန်အတွင်း တိမ်းမှောက်နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ သတင်းများအရ လက်ရှိအချိန်တွင် ရေနစ်ပျောက်ဆုံးနေသူ ၉ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိထားပြီး ကျန်ရှိသူများ ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။

မဲခေါင်မြစ်သည် အရှည် ၄,၈၀ဝ ကီလိုမီတာ ရှိပြီး အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းနေသည့်မြစ်ဖြစ်ကာမြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းနေကြောင်းသိရသည်။

REF ,Thaipbs

Leave a Reply

Your email address will not be published. Required fields are marked *