September 19, 2024

၃. ၉. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်းဖြစ် ပဲဆီများကို စားအုန်းဆီကဲ့သို့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်မည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပဲဆီများကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်သွားရန်မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပဲဆီကို ရည်ညွှန်းဈေးသတ်မှတ်ဖို့မရှိပါဘူး။ ပဲဆီကို မသတ်မှတ်ပါဘူး” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က MT News သို့ ပြောသည်။

ပြည်တွင်း၌ ပဲဆီထုတ်လုပ်မှုသည် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကြမ်းအပေါ် အခြေခံသည့်အတွက် တောင်သူများထံမှ ထွက်ရှိသော ကုန်ကြမ်းဈေးနှုန်းအပေါ်မူတည်ကာ ပဲဆီဈေးနှုန်း ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထို့ကြောင့် ပဲဆီများအပေါ် အခြေခံရည်ညွှန်းဈေး သတ်မှတ်ပါက ကုန်ကြမ်းထုတ်လုပ်သူ တောင်သူများ၏ အကျိုးစီးပွားအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သိသလောက်တော့ ပဲဆီကို ရည်ညွှန်းဈေးသတ်မှတ်ဖို့ မကြားပါဘူး။ သူက ဘာလို့ဆိုတော့ ကုန်ကြမ်းပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်၊ ကုန်ကြမ်းဆိုတာက တောင်သူစိုက်ပျိုးမှ၊ ထွက်ရှိမှ ကျွန်တော်တို့က အဲဒီအပေါ်မှာ အခြေခံပြီး ပဲဆီဈေးနှုန်းဆိုတာ ဖြစ်ပေါ်တာ။ ဒါကို သွားပြီးတော့ ရည်ညွှန်းဈေးသတ်မှတ်လို့မရတဲ့ သဘောမှာရှိတယ်” ဟု မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက MT News သို့ ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်‌ရေးအတွက် ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီတို့အပြင် အခြားဆီထွက်သီးနှံများကိုပါ စားသုံးဆီဈေးကွက်ဝင် အဆင့်အတန်းရောက်ရှိအောင် ဆီသန့်စင်စက်များ ထူထောင်ပြီး စားအုန်းဆီနေရာတွင် အစားထိုးဝင်ရောက်နိုင်‌ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပုံစာ- ပြည်တွင်းထုတ် မြေပဲဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *