September 19, 2024

၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

စက်တင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀ ရှိ အပူပိုင်းမုန်တိုင်း ရာဂီ(Yagi) ဒေသအခေါ် အပူပိုင်းမုန်တိုင်း Enteng က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ စတင်ဝင်ရောက်လာသည်မှစ၍ နိုင်ငံမြောက်ပိုင်းကိုဖြတ်သန်းကာ စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်အနောက်ပင်လယ်အတွင်းသို့ ပြန်လည်ထွက်သွားသည်အထိ ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က စက်တင်ဘာလ ၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် အပူပိုင်းမုန်တိုင်း ရာဂီကြောင့် လူဇုန်ကျွန်းနှင့် ဗီဆာရာ ကျွန်းများတွင် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်းလည်း သိရသည်။

သို့သော် ဒေသဆိုင်ရာ အစိုးရများထံမှ ရရှိသော သတင်းအချက်အလက်များအရ အပူပိုင်းမုန်တိုင်းရာဂီကြောင့် မြေပြိုခြင်းနှင့် ရေလွှမ်းမိုးခြင်းများလည်းဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးအထိသေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ စက်တင်ဘာလ ၂ ရက်အထိ မုန်တိုင်း၏သက်ရောက်မှုကိုခံရသော ပြည်သူ ၁၄၇,၀၂၄ ဦးရှိကြောင်းလည်း NDRRMC က ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် လူဇုန်ကျွန်းနှင့် ဗီဆာရာ ကျွန်းများတွင် အိမ်ခေါင်မိုးများလန်ခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ကွန်ကရစ်ဓာတ်တိုင်များပြိုလဲခြင်း၊ လမ်းများတွင် ရေလွှမ်းမိုးခြင်းတို့ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

အပူပိုင်းမုန်တိုင်း ရာဂီက တောင်တရုတ်ပင်လယ်အတွင်း ပို၍အားကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းအဖြစ် စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် ဟိုင်နန်ကျွန်း၊ ထိုမှတစ်ဆင့် ဗီယက်နမ်ကမ်းခြေတို့ကို ဖြတ်သန်းမည်ဟုခန့်မှန်းထားကြသည်။

Ref. Inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *