September 19, 2024

၃. ၈. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ ဈေးနှုန်းများ တစ်နှစ်အတွင်း အမျိုးအစားအလိုက် ၃၅ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး မတ်ပဲတစ်တန် ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိခဲ့လို ပဲစင်းငုံတစ်တန် ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲတစ်တန် ကျပ် ၂၄ သိန်းခွဲကျော်၊ ပဲတီစိမ်းတစ်တန် ကျပ် ၁၉ သိန်းခန့်နှင့် ပဲစင်းငုံတစ်တန် ကျပ် ၃၅ သိန်းရှိပြီး ယခု ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် မတ်ပဲတစ်တန် ကျပ် ၃၉ သိန်းကျော်၊ ပဲတီစိမ်းတစ်တန် ကျပ် ၂၅ သိန်းခွဲကျော်နှင့် ပဲစင်းငုံတစ်တန် ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်ခဲ့သည်။

အဆိုပါ တစ်နှစ်တာကာလအတွင်း မတ်ပဲတစ်တန် ကျပ် ၁၄ သိန်းကျော် (၅၇ ရာခိုင်နှုန်း)၊ ပဲတီစိမ်းတစ်တန် ကျပ် ၆၆၀,၀၀၀ ကျော် (၃၅ ရာခိုင်နှုန်း)နှင့် ပဲစင်ငုံတစ်တန် ကျပ် ၁၅ သိန်းကျော် (၄၄ ရာခိုင်နှုန်း) ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာလလအတွင်း ဒေါ်လာဈေးနှုန်းများအား ပြန်လည်လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း တစ်ဒေါ်လာ ကျပ် ၃၇၀၀ ဝန်းကျင်သာရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမဟုတ်ဘဲ ပြန်လည်ကျဆင်းလာသည့် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၅၆၀၀ ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၉၀၀ (ရာခိုင်နှုန်း ၅၀ ကျော်) မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ပတင်ပို့သည့် FOB ဈေးနှုန်းများမှာလည်း စက်တင်ဘာ ၂ ရက်(ယမန်နေ့)တွင် မတ်ပဲ (FAQ) တစ်တန် ဒေါ်လာ ၈၇၀၊ ပဲတီစိမ်း (FAQ) တစ်တန် ဒေါ်လာ ၇၁၀ နှင့် ပဲစင်းငုံ တစ်တန် ‌၁၀၈၅ ဒေါ်လာဖြစ်ပေါ်ခဲ့သည်။

ယနေ့တွင် မတ်ပဲ (FAQ) တစ်တန် ဒေါ်လာ ၉၁၀ နှင့် ပဲစင်းငုံ တစ်တန် ဒေါ်လာ ၁၁၅၀ သို့ မြင့်တက်ခဲ့၍ တစ်ရက်အတွင်း မတ်ပဲတစ်တန် ဒေါ်လာ ၈၀ နှင့် ပဲစင်းငုံတစ်တန် ၆၅ ဒေါ်လာ ထပ်မံမြင်တက်လာခဲ့သဖြင့် မတ်ပဲတစ်တန် ကျပ် ၄,၀၁၈,၀၀၀၊ ပဲစင်းငုံတစ်တန် ကျပ် ၅၂ သိန်းအထိ ထပ်မံမြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

သို့သော် ပဲဈေးနှုန်းများ မြင့်တက်လာချိန်တွင်မူ ပဲစိုက်တောင်သူများထံ ပဲရောင်းချရန်မရှိတော့ဘဲ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မတ်ပဲတစ်တင်း ကျပ် ၁၀၉,၀၀၀ အထိသာ ရရှိခဲ့၍ တစ်တန်ဈေးနှုန်း ကျပ် ၃၂ သိန်းခွဲကျော်သာ ရရှိခဲ့သည်။ လက်ရှိတွင် မတ်ပဲတစ်တင်း ကျပ် ၁၃၀,၀၀၀ ကျော်အထိ မြင့်တက်နေ၍ တစ်တန်ဈေးနှုန်း ကျပ် ၃၉ သိန်းကျော်သို့ မြင့်တက်နေခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှ မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သုံးလကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၇၄၀,၀၀၀ ကျော် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၆၄၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတစ်မျိုးတည်းတင်ပို့မှုသည် ပဲမျိုးစုံတင်ပို့မှု စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၄၀ ကျော်အထိ အများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *