September 20, 2024

၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့မှုဥပဒေတွေအရဆိုပြီး ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလာ့စ် မာဒူရို စီးနင်းတဲ့ လေယာဉ်ကို ဒိုမီနီကန်နိုင်ငံအတွင်း သိမ်းဆည်းခဲ့တယ်လို့ အမေရိကန်အစိုးရ တရားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂ ရက်က ကြေညာခဲ့ပါတယ်။

ဒီလေယာဉ်ပျံကို လုပ်ငန်းမလည်ပတ်ဘဲ အမည်သာပြထားတဲ့ကုမ္ပဏီတစ်ခုဆီက ဒေါ်လာ ၁၃ သန်းနဲ့ တရားမဝင် ဝယ်ခဲ့ပြီး နီကိုလာ့စ် မာဒူရို နဲ့ သူ့ရဲ့ရောင်းရင်းတွေစီးဖို့ အမေရိကန် နိုင်ငံအပြင်ဘက်ကို ခိုးထုတ်ခဲ့တာဖြစ်လို့ ဒီမနက်မှာ တရားရေးဌာနက သိမ်းခဲ့တာပါလို့ ရှေ့နေချုပ် မာရစ် ဘီ ဂါလန်က စက်တင်ဘာလ ၂ ရက်မှာ ပြောခဲ့ပါတယ်။

ဒါ့ပြင် ရှေ့နေချုပ်က အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးအခြေအနေကို ယုတ်လျော့စေမယ့် အမေရိကန်က ပိတ်ဆို့ထားသူတွေက ဒီနိုင်ငံရဲ့ ထုတ်လုပ်မှုအရင်းအမြစ်တွေသုံးနေတာကို တားဆီးဖို့ ကျွန်တော်တို့ရဲ့ ပိတ်ဆို့မှုနဲ့ ပို့ကုန်ထိန်းချုပ်မှုဥပဒေတွေကို ချိုးဖောက်သူတွေကို အရေးယူဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ပြောခဲ့ပါတယ်။

လေယာဉ်က Dassault Falcon 900EX လေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ပို့ကုန်ထိန်းချုပ်ရေးနဲ့ ပိတ်ဆို့မှုဥပဒေတွေကို ချိုးဖောက်မှုအတွက် အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ လေယာဉ်ကို ဖလော်ရီဒါပြည်နယ်၊ တောင်ပိုင်းခရိုင်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်က ဗင်နီဇွဲလားသမ္မတ မာဒူရို ပြန်လည်အရွေးခံရပြီး တစ်လခန့်အကြာမှာ ဖြစ်ခဲ့ရတာပါ။ ဒါ့ပြင် အမေရိကန်နဲ့ ဗင်နီဇွဲလားတို့အကြား ကြာရှည်လှပြီဖြစ်တဲ့ တင်းမာလှတဲ့ဆက်ဆံရေးမှာ နောက်ဆုံးအခန်းကဏ္ဍအဖြစ် ဖြစ်ရပြန်တာပဲလို့လည်း ဆိုကြပါတယ်။

အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်တွေကို အထောက်အပံ့ပေးကာ မာဒူရို အစိုးရကိုတော့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအထီးကျန်ဖြစ်စေဖို့ ဆန့်ကျင်လုပ်ဆောင်နေပါတယ်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လကထုတ်ပြန်ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ အမိန့်စာမှာ ဗင်နီဇွဲလား အစိုးရအတွက် တိုက်ရိုက်ဖြစ်စေ ဒါမှမဟုတ် သွယ်ဝိုက်လို့ဖြစ်စေ ကိုယ်စားပြုဆောင်ရွက်မှု ဒါမှမဟုတ် ဆောင်ရွက်မည့် ဟန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အရောင်း အဝယ်လုပ်ငန်းတွေမှာ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ပါဝင်ခြင်းမပြုဖို့ တားမြစ်ထားတယ်လို့ ရှေ့နေချုပ်ရုံး ကြေညာ ချက်ကဖော်ပြခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လမှာတော့ အမေရိကန်တရားရေးဝန်ကြီးဌာနက သမ္မတ မာဒူရိုနဲ့ သူ့ရဲ့လက်ထောက်တွေကို မူးယစ်ဆေးဝါး အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။ ဒီစွဲချက်တွေမှာ မာဒူရိုနဲ့ တခြား ဗင်နီဇွဲလားအရာရှိတွေဟာ အမေရိကန် လူ့အဖွဲ့အစည်းတွေထဲကို ကိုကင်း မူးယစ်ဆေးဝါးတန်ချိန်ပေါင်းများစွာ ဝင်ရောက်ပြီး ပျက်စီးမှုတွေဖြစ်စေဖို့ ကိုလံဘီယာနိုင်ငံက ဖာ့က်သူပုန်တွေနဲ့ ပူးပေါင်းကြံစည်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ ဒါမှမဟုတ် စီရင်ချက်ချနိုင်ဖို့ သတင်းအချက်အလက်တွေပေးခဲ့ရင် ဆုငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးမယ်လို့ ကမ်းလှမ်းကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလားအစိုးရကလည်း ဥပဒေကိုမနာခံမှု၊ ပူးပေါင်းကြံစည်မှုနဲ့ အဖျက်အမှောင့်လုပ်ငန်းတွေအတွက် အများပြည်သူကြေညာချက် ဒါမှမဟုတ် လှုံ့ဆော်ချက်တစ်ရပ်ကို ခိုင်မာအောင်ကြိုးပမ်းနေမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့စွပ်စွဲခံထားရတဲ့ သမ္မတလောင်း အက်မန်ဒို ဂွန်ဇာလက်ဇ်ကိုဖမ်းဆီးဖို့ စက်တင်ဘာလ ၂ ရက်က အမိန့်ထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref- Xinhua

Leave a Reply

Your email address will not be published. Required fields are marked *