September 20, 2024

၃. ၉.၂၀၂၄
Written by Nay Moe

ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မြို့မ(၁)ရပ်ကွက်က ရှင်စောပုဈေးရှိ ယုဇနရွှေဆိုင် အနုကြမ်းစီးခံရပြီး ရွှေနားကပ် အရံ ၅၀၀ ခန့် လုယက်ယူဆောင်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ရှင်စောပုဈေးမှာရှိတဲ့ ယုဇနရွှေဆိုင်ကို ဒီမနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ အမျိုးသား ၂ ဦးဟာ ဆိုင်ကယ် ၁ စီးနဲ့ ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းက ၈ လက်မပတ်လည် ၁ ပေခွဲအမြင့်ရှိ ရွှေနားကပ်ထည့်ထားတဲ့ ပုံး ၁ ပုံးကို လုယူကာ ဈေးအနောက်ဘက်မှ ကော့ဒွတ်ကျေးရွာဘက် ဦးတည်မောင်းနှင်ထွက်ပြေးချိန် ဈေးအတွင်းရှိ ပြည်သူတွေက ပစ္စည်းပြန်လည်ရရှိရေး ဝိုင်းဝန်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့လို့ လုယက်သူနှစ်ဦးက ပစ္စတိုသေနတ် ၂ ချက် မိုးပေါ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားတာပါ။

MT News တွေ့မြင်ရတဲ့ ရုပ်သံမှာလည်း ပုံးတစ်ပုံးကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးဟာ ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်မချွတ်ဘဲ မောင်းနှင်ထွက်ပြေးသွားတာမြင်ရသလို ယုဇနရွှေဆိုင်ကလည်း “မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့် ယုဇနရွှေဆိုင်၊ ရေးမြို့နယ်၊ လမိုင်းမြို့အတွင်းလက်နက်ပါလုယက်မှုဖြစ်သဖြင့် ခန့်မှန်းခြေ နားကပ် အရံ ၄၀၀-၅၀၀ ဝန်းကျင်ခန့်ပါသွားပါသဖြင့် လာရောင်းသူတွေ့ရှိပါက အကြောင်းကြားပေးကြပါရန် အကူညီတောင်းခံအပ်ပါသည်ရှင်”လို့ အကူအညီတောင်းထားပါတယ်။

ပုံစာ။ ယုဇနရွှေဆိုင်ကို ဓားပြတိုက်သူ ၂ ဦးမြင်ကွင်းနှင့် လုယက်ခံရသော နားကပ်အချို့ တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *