◾ မန္တလေးနန်းတွင်းရှိ လပခကို ရှော့တိုက်ဒုံးဆယ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ရှမ်း-မန်းစစ်ဆင်ရေးကို ကူညီရန်တိုက်ခိုက်ဟု ကြေညာ
၃. ၉. ၂၀၂၄
Written by Nay Moe
Brave Warriors for Myanmar- BWM အဖွဲ့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ဒီနေ့ မနက် ၄ နာရီ ၈ မိနစ်က မန္တလေး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျူးလွန်တဲ့ BWM က ကြေညာချက် ထုတ်ပြန်လာပေမဲ့လည်း တကယ်ဖြစ်ရပ်မှာတော့ လပခရှိရာ မန္တလေးနန်းတွင်းကို မထိခိုက်ဘဲ မန္တလေးပြည်သူတွေနေထိုင်ရာ နေရာတွေကိုပဲ ထိခိုက်ခဲ့တာပါ။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ဟာ MNDAA၊ TNLA နဲ့ AA တို့ ဆင်နွှဲနေတဲ့ ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ တန်ပြန်ခုခံနေတဲ့ စစ်စခန်းတွေကို အဓိက ကွပ်ကဲနေတဲ့ အရေးပါသော စစ်တိုင်းဌာနချုပ် ၂ ခုထဲက တစ်ခုဖြစ်ပြီး လက်ရှိမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်းသိမ်းပိုက်ထားတာကြောင့် BWM အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီတဲ့အနေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီမနက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးဆယ်လုံးနဲ့ တိုက်ခိုက်ပြီး ၇ လုံးအောင်မြင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့လည်း မြေပြင်သတင်းတွေအရတော့ BWM ပစ်ခတ်တဲ့ ရှော့တိုက်ဒုံးတွေဟာ လမ်း ၈၀ နဲ့ ၁၁ လမ်းနဲ့ ၁၂ လမ်းကြား ကိုရီးယားအကြောပြင်တိုက်အပေါ်ဆုံးထပ်ကို လက်နက်ကြီးတစ်လုံးကျရောက်ခဲ့လို့ အမိုးပွင့်သွားခဲ့သလို ဒုတိယတစ်လုံးက အမှတ် (၄) ရဲစခန်းရဲ့ အရှေ့ဘက်တိုက်ကို အပေါ်ထပ်ကို ထိမှန်တာကြောင့် အုတ်နံရံပွင့်ထွက်ကာ အပေါ်ထပ်တစ်ထပ်လုံးလိုလို ပျက်စီးသွားပြီး တတိယတစ်လုံးကလည်း ရွှေကျင်တိုးဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် နောက်တစ်လုံးက ၈ လမ်းနဲ့ ၉ လမ်းကြား ၈၉ လမ်း ညောင်ကွဲရပ်က လူနေအိမ် ထိမှန်ခဲ့လို့ အသက် ၃၀ အရွယ် ကိုကိုနိုင်ဆိုသူ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံတင်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။
BMW အဖွဲ့ဟာ မန္တလေးနန်းတွင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပစ်ခတ်ခဲ့ဖူးပြီး အေလာလေတပ်စခန်းကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ထားတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်ကိုးကန့် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နယ်မြေသိမ်း ကျုးကျော်မှုမှာ NUG ဩဇာခံ မန္တလေး PDF က လက်အောက်ခံအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး ရှမ်း-မန်းစစ်ဆင်ရေးကို ဆင်နွှဲနေတာဖြစ်တာကြောင့် မန္တလေးမြို့ပျက်စီးမှာ ကြောက်သူတွေက ဩဂုတ် ၂၉ ရက်မှာ ဆန္ဒထုတ်ဖော်မှုပြုခဲ့ပြီး “ယဥ်ကျေးမှုအမွေအနှစ်များတည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက်စို့၊ မန္တလေးမြို့ကြီးမပျက်စီးဖို့ မန်းပြည်သူတွေစည်းလုံးစို့” စတဲ့ ကြွေးကြော်မှုတွေပြုခဲ့ပေမဲ့လည်း PDF တွေကတော့ မန္တလေးမြို့ စစ်တလင်းပြုရေး ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပုံစာ။ လူမှုကွန်ရက်တွင် ပျံနှံ့နေသည့် ရှမ်း-မန်းစစ်ဆင်ရေးအရ မန္တလေးနန်းတွင်းကို ပစ်ခတ်သော်လည်း ပြည်သူ့နေအိမ်များ ထိမှန်ခဲ့သည့် ယနေ့မြင်ကွင်းများနှင့် BWM ဝန်ခံချက် (Photo / Credit)