September 20, 2024

၃. ၉. ၂၀၂၄
Written by Thettant

အာဒိုဂန်နဲ့ အောင်လပွဲမှာ အာဒိုဂန်က အရေးသာနိုင်ပြီး သူ့ဆီက ချန်ပီယံစိန်ခေါ်ခွင့်ရမှာဖြစ်တယ်လို့ ဝိတ်တန်းသုံးခုချန်ပီယံ အနာတိုလီ မာလီခင်က ခန့်မှန်းလိုက်ပါတယ်။

“အာဒိုဂန်အနေနဲ့ ပွဲအစပိုင်းမိနစ်မှာ Takedown လုပ်နိုင်မယ်။ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အောင်လကို ကြမ်းပြင်ပေါ် ထိန်းထားနိုင်မယ်ဆိုရင် ပွဲက သူ့ရဲ့ဘက်မှာ ရှိမှာပါ။ ဒါပေမယ့် အောင်လက Stand Fight မှာပဲ ထိန်းထားမယ်ဆိုရင်၊ နှစ်ယောက်စလုံး မောပန်းတဲ့ထိ တိုက်ခိုက်ကြမယ်ဆိုရင်လည်း နောက်ပိုင်းအချီတွေမှာ အာဒိုဂန်အတွက် အခွင့်အရေး ရှိပါတယ်။ သူက သက်လုံပိုင်း ပိုကောင်းလို့ပါ။ ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘယ်သူက ကိုယ့်ရဲ့ Game Plan ကို အောင်မြင်အောင် အကောင်ထည်ဖော်နိုင်မလဲဆိုတဲ့အချက်က အဆုံးအဖြတ်ပေးမှာပါ။ ဘယ်သူပဲ အောင်ပွဲခံပါစေ။ ဒီပွဲ အနိုင်ရတဲ့သူက ကျွန်တော့် ချန်ပီယံခါးပတ်ကို စိန်ခေါ်ဖို့ ထိုက်တန်ပါတယ်”လို့ One Championship ရဲ့ ဝိတ်တန်းသုံးခုချန်ပီယံ အနာတိုလီ မာလီခင်က အောင်လနဲ့ အာဒိုဂန်တို့ ယှဥ်ပြိုင်ထိုးသတ်မဲ့ပွဲမှာ အရေးသာနိုင်သူအဖြစ် အာဒိုဂန်ကို ရွေးချယ်လိုက်တာ​ တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့က ဘောအရီနာကွင်းကြီးမှာ မြန်မာ့စပါးကြီးမြွေ အောင်လနဲ့ ရှမေးလ်အာဒိုဂန်တို့ စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီဖြစ်ပေမဲ့ မြန်မာစံတော်ချိန်အရ စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခွဲခန့်မှာ ပြုလုပ်မဲ့ ဒီပွဲမှာ အောင်လတို့ပွဲက ၉ ပွဲမြောက်ဖြစ်လို့ ၇ နာရီကျော်နဲ့ ၈ နာရီကြားဖြစ်ဖွယ်ရှိနေတာပါ။ တူရကီဖိုက်တာ အာဒိုဂန်က အသက် ၃၄ နှစ်အရွယ်ရှိပြီး နှစ်ထပ်ကွမ်းချန်ပီယံဟောင်း မြန်မာ့စပါးကြီးမြွေထက် ၅ နှစ်ငယ်ပါတယ်။ ဒါ့အပြင် သူက MMA မှာ ၉ ပွဲကစား ၉ ပွဲလုံးနိုင်ထားသူဖြစ်လို့ အောင်လကို အနိုင်ယူသွားမယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေတာပါ။

ဒါ့အပြင် အာဒိုဂန်ကိုယ်တိုင်ကလည်း အောင်လကို သူ့အားသာချက်ဖြစ်တဲ့ နပန်းချုပ်ကွက်နဲ့ အနိုင်ယူပြီး ဘောနပ် ၅၀၀၀၀ သူ့အိတ်ထဲထည့်မယ်လို့ပါ Trash Talk တွေနဲ့ ထိုးနှက်နေပြီး ”ပွဲက ၃ ချီမကြာလောက်ဘူး။ အောင်လကို ဒုတိယအချီမှာ လှဲချမှာပါ။ ဒါပေမဲ့ ကိုယ့်အတွက် ဘောနပ်လိုအပ်တာမို့ Stand-up ပုံစံနဲ့ပွဲသိမ်းဖို့ပြင်ဆင်ထားပါတယ်။ အဲ့ဒီအတွက် ချတ္ထရီကို ဘောနပ်အသင့်ပြင်ထားဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တော် ဘောနပ်ရဖို့ သူ့ကို အလဲထိုးအမှောက်သိပ်မှာပါ”လို့ အာဒိုဂန်က လေလုံးထွားနေတာပါ။

ဒါပေမဲ့လည်း မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း မြန်မာ့စပါးကြီးမြွေအောင်လကလည်း သူစွန့်လွှတ်ထားရတဲ့ ချန်ပီယံခါးပတ်တွေ ပြန်ယူနိုင်ဖို့ အာဒိုဂန်ကို အနိုင်ယူပြီး ရွှေခါးပတ်သုံးခုချန်ပီယံ မာလီခင်ကို စိန်ခေါ်ကာ မစ်ဒယ်ဝိတ်ချန်ပီယံဆု ပြန်လည်ရယူဖို့ အားခဲထားသလို အာဒိုဂန်လျှော့တွက်နေသလို သူကလွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ သတိပေးထားတာမို့ မြန်မာ့စပါးကြီးမြွေနဲ့ လေကျယ်နေတဲ့ အာဒိုဂန်တို့ပွဲမှာ မြန်မာပရိတ်သတ်တွေ နိုင်စေချင်တဲ့အောင်လပဲ နိုင်ပါစေလို့ ဆန္ဒပြုရင်း….။

Leave a Reply

Your email address will not be published. Required fields are marked *