September 20, 2024

၃.၉.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝေါလမ်း၊ ရွှေသံလွင်တိုးဂိတ်အနီးတွင် ကျောက်မှုန့်များတင်ဆောင်လာသည့်ယာဥ်ကို ထင်းများတင်လာသည့်ယာဥ်မှ တိုက်မိရာက ထင်းတင်ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၃ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် ဝေါမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ထင်းများတင်ဆောင်လာသည့် အသက် ၄၀ ခန့်အရွယ် ယာဉ်မောင်း ကိုမျိုးမျိုးထွန်းမှာ ကျောက်မှုန့်များတင်ဆောင်လာသည့် ကိုသန်းထိုက်၏ ယာဥ်ကို အနောက်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ထင်းတင်လာတဲ့ယာဥ်မောင်း အိပ်ငိုက်လို့ဖြစ်မယ်။ သူကကားခေါင်းထဲမှာ ညပ်နေတာ။ တစ်ကိုယ်လုံးတော့ ဒဏ်ရာတွေရတယ်။ သိပ်တော့မပြင်းထန်ဘူး။ သူ့ယာဥ်လည်း တော်တော်ပျက်စီးသွားတယ်။ ကျောက်မှုန့်တင်တဲ့ကားတော့ အနည်းငယ်ပဲ ထိခိုက်တာ” ဟု ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်မှုဖြစ်စဥ်နေရာသို့ ဒေသခံလူမှုကယ်ဆယ်ရေးနှင့်အရန်မီးသတ်တပ်ဖွဲ့တို့ သွားရောက်ပြီး ဒဏ်ရာရရှိသူအမျိုးသားကို ဘုရားကြီးဆေးရုံသို့ ကူညီ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မောင်မေတ္တာ

Leave a Reply

Your email address will not be published. Required fields are marked *