September 20, 2024

၃.၉.၂၀၂၄
Written by Hey Mar

ညဘက် မီးမပါဘဲ ဆိုင်ကယ်စီးလာသူကို ယာဉ်တစ်စီးက တိုက်ပြေးတာကြောင့် ဆိုင်ကယ်စီးနင်းသူ သေဆုံးတဲ့ဖြစ်စဉ် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ပြည်စံအောင်ရပ်ကွက်၊ ထက်ထက်စက်သုံးဆီဆိုင်အနီးမှာ မနေ့က ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း ယာဉ်တိုက်ခံရပြီး သေဆုံးသူမှာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် ဒိုးပင်ခုံလမ်းဆုံအနီး လေထိုးကျွတ်ဖာဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ ကိုဇော်ဇော် အသက် ၄၄ နှစ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ၊ ဘယ်ခြေကျိုး၊ ဘယ်လက်သန်းပျက်၊မျက်နှာပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံပို့တဲ့ လမ်းတစ်ဝက်မှာပဲ ကွယ်လွန်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်း တာဝန်ရှိသူက “တိုက်သွားတဲ့ကားကို တချို့မြင်လိုက်တာက ယာဉ်လိုင်းတစ်လိုင်းကလို့တော့ ပြောပါတယ်။ ယာဉ်ငယ်လိုင်းပါ။ တိုက်ပြီးသွားတော့ သူက ခဏတော့ ရပ်လိုက်သေးတယ်။ ပြီးမှ မောင်းပြေးသွားတယ် ပြောတယ်။ သက်ဆိုင်ရာက စုံစမ်းနေပါတယ်” လို့ MT News ကို ပြောပါတယ်။

ယညဉ်တိုက်ခံရပြီး သေဆုံးသူကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) ဆီ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *