September 19, 2024

၃. ၉. ၂၀၂၄
Written by Nay Moe

တရုတ်ကိုးကန့် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ကို လက်အောက်ခံအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်မှုမှာ ရှမ်း-မန်းစစ်ဆင်ရေးအရ ဦးတည်ခံနေရတဲ့ မန္တလေးမြို့ကို PDF တွေက ဒီနေ့မနက်မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ဒီပစ်ခတ်မှုမှာ လေးနေရာထက်မနည်း ရှော့တိုက်ဒုံးထိမှန်ပေါက်ကွဲခဲ့သလို လူထိခိုက်မှုရှိတယ်လို့လည်း မြို့ခံတွေရဲ့ ပြောပြမှုအရ ကနဦးသိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဥ်က ဒီနေ့မနက် ၄ နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်း ၈၀ နဲ့ ၁၁ လမ်းနဲ့ ၁၂ လမ်းကြား Korea အကြောပြင်တိုက်အပေါ်ဆုံးထပ်ကို လက်နက်ကြီးတစ်လုံးကျရောက်ခဲ့လို့ အမိုးပွင့်သွားတယ်လို့ MDY Revolution က ရေးသားထားပြီး ဒုတိယတစ်လုံးက အမှတ် (၄) ရဲစခန်းရဲ့ အရှေ့ဘက်တိုက်ကို အပေါ်ထပ်ကို ထိမှန်ပြီး အုတ်နံရံပွင့်ထွက်ပြီး အပေါ်ထပ်တစ်ထပ်လုံးလိုလိုပျက်စီးသွားသလို တတိယတစ်လုံးက ရွှေကျင်တိုးဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် နောက်တစ်လုံးက ၈ လမ်းနဲ့ ၉ လမ်းကြား ၈၉ လမ်း ညောင်ကွဲရပ်က လူနေအိမ် ထိမှန်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံတင်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ မန္တလေးနန်းတွင်းကို ဦးတည်ပစ်ခတ်တဲ့ တိုက်ခိုက်မှုဖြစ်ပေမဲ့ မန္တလေးပြည်သူတွေနေထိုင်ရာနန်းတွင်းရဲ့ အနောက်ဘက်ခြမ်း နေရာတွေကို ထိမှန်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောဆိုကြသလို ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက် နေ့လယ် ၁ နာရီကျော်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်လို့ ဗဟိုဘဏ်ရုံးနဲ့ ကိုက် ၂၅၀ အကွာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး တိုက်ခိုက်မှုတွေ မန္တလေးမှာ မလုပ်ဆောင်ဖို့အတွက်လည်း ဩဂုတ် ၂၉ ရက်မှာ ဆန္ဒထုတ်ဖော်မှုပြုခဲ့ပြီး “ယဥ်ကျေးမှုအမွေအနှစ်များတည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက်စို့၊ မန္တလေးမြို့ကြီးမပျက်စီးဖို့ မန်းပြည်သူတွေစည်းလုံးစို့” စတဲ့ ကြွေး​ကြော်မှုတွေပြုခဲ့ပေမဲ့လည်း ဆက်လက်တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ဩဇာခံအဖြစ်နဲ့ ရှမ်း-မန်းစစ်ဆင်ရေးကိုဦးဆောင်နေတာက MDY-PDF ဖြစ်ပေမဲ့ မန္တလေးနန်းတွင်းကို ဦးတည်ပစ်ခတ်မှုတိုင်း ပြည်သူတွေကြားပဲ ထိမှန်နေတာကြောင့် ဒီတိုက်ခိုက်မှုတွေကို သတင်းထုတ်ပြန်ခြင်းမရှိသလို MT News ကလည်း အသေးစိတ်အခြေအနေ တာဝန်ရှိသူတွေထံ ဆက်လက်စုံစမ်းအတည်ပြုနေပါတယ်။

ပုံစာ။ လူမှုကွန်ရက်တွင် ပျံနှံ့နေသည့် ရှမ်း-မန်းစစ်ဆင်ရေးအရ မန္တလေးနန်းတွင်းကို ပစ်ခတ်သော်လည်း ပြည်သူ့နေအိမ်များ ထိမှန်ခဲ့သည့် ယနေ့မြင်ကွင်းများ (Photo / Credit)

Leave a Reply

Your email address will not be published. Required fields are marked *