September 19, 2024

ဖြိုးဝေ
၂. ၉. ၂၀၂၄

အခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံ မှု ကျပ်ဘီလျံ ၁၂၀၀ ကျော် ခွင့်ပြုခဲ့ပြီး လျှပ်စစ်ကဏ္ဍမှာ နိုင်ငံသားလုပ်ငန်းရှင်တွေကို တိုးမြှင့်ခွင့်ပြုပေးလာခဲ့တယ်ဆိုတဲ့ ဒီတစ်ပတ်မှာပဲ EV ယာဉ်က စွန့်ပစ်ဘတ္ထရီတွေ ပြည်တွင်း တင်သွင်းခွင့်မပြုထားသလို မလိုက်နာဘဲ တင်သွင်းသူတွေကို ထောင်ဒဏ်တစ်နှစ် ချမှတ်မယ်ဆိုတဲ့ သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင်လည်း အခုလအတွင်း ဒေါ်လာ ၁၇၇ သန်း ရောင်းချပေးထားပေမဲ့ ဒေါ်လာဈေး အနည်းငယ်သာကျဆင်းလို့ ဒေါ်လာ ၁၇ သန်းနီးပါး ဗဟိုဘဏ် ထပ်မံထုတ်ရောင်းတဲ့ဖြစ်စဉ်၊ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးထားပေမဲ့ ဆီဈေးနှုန်း ထပ်မံမြင့်တက်လာတဲ့အပြင် တန်းစီဝယ်ယူရမှုတွေပါ ထပ်မံဖြစ်ပေါ်လာတဲ့ဖြစ်စဉ်တွေအပြင် စက်တင်ဘာ ၁ ရက်ကစပြီး ပို့ကုန်ရငွေ တင်ပြနိုင်မှ ဆေးဝါးသွင်းကုန်လိုင်စင် ခွင့်ပြုပေးမယ်ဆိုတဲ့ဖြစ်စဉ်ကြောင့် ဆေးဝါးတွေ စျေးပိုတက်တော့မလားဆိုတဲ့ စိတ်ပူရမှုဖြစ်စဉ်တွေ ရှိနေခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် လျှပ်စစ်မီတာခတွေကို နှစ်ဆခွဲကနေ သုံးဆကြားတိုးမြှင့်လိုက်တဲ့ သတင်း၊ ရွှေစင်၊ ရွှေတုံး၊ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချတဲ့ ရောင်းရငွေနဲ့ ပြည်ပက တင်သွင်းမှုကို အောက်တိုဘာ ၁ ရက်ကစပြီး ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်း ကောက်ခံမယ်ဆိုတဲ့သတင်းနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံပိုင် နိုင်ငံခြားငွေတွေကို မသုံးစွဲနိုင်ဘဲ ကုန်သွယ်မှုကရရှိတဲ့ နိုင်ငံခြားငွေကိုသာ အဓိကသုံးစွဲနေရတယ်ဆိုတဲ့သတင်းတွေကို သုံးသပ်ချင်ပါတယ်။

တိုးကောက်မဲ့ မီတာခ

လျှပ်စစ်မီတာခတွေကို အခု စက်တင်ဘာ ၁ ရက်ကစ တိုးမြှင့်ကောက်ခံသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားပြီး တိုးမြှင့်ကောက်ခံသွားမယ့် နှုန်းထားတွေကတော့ အိမ်သုံးမီတာအတွက် ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေအတွက် ၁ ယူနစ်ကနေ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်နဲ့ ၂၀၀၀၁ ယူနစ်အထက် ကျပ် ၅၀၀ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။

ဩဂုတ်လအထိ ကောက်ခံနေတဲ့ နှုန်းထားက အိမ်သုံးမီတာအတွက် ၁ ယူနစ်ကနေ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့အထက် ၁၂၅ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေအတွက် တစ်ယူနစ် အနည်းဆုံး ၁၂၅ ကျပ်ကနေ ၁၈၀ ကျပ်အထိ ကောက်ခံနေတာဖြစ်လို့ အခုတိုးမြှင့်လိုက်တဲ့ နှုန်းထားတွေမှာ အမြင့်ဆုံးနှုန်း ချိန်ဆမယ်ဆိုရင် အိမ်သုံးအတွက် ၂၄၀ ရာခိုင်နှုန်းနဲ့ လုပ်ငန်းသုံးအတွက် ၂၇၈ ရာခိုင်နှုန်းခန့် အရင်ထက် နှစ်ဆခွဲသုံးဆခန့် တိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။

ဒီနေရာမှာ လျှပ်စစ်မီတာခတွေ ဘာကြောင့် တိုးမြှင့်ရတာလဲဆိုရင်တော့ နိုင်ငံတော်က နှစ်စဉ်ကျပ်ဘီလျံရာချီစိုက်ထုတ် အရှုံးခံနေရတာကြောင့်ဖြစ်သလို မြန်မာ့လျှပ်စစ်မီတာခက ကမ္ဘာပေါ်မှာ အနည်းဆုံးထဲဖြစ်နေတာနဲ့ ဘက်စုံဖိအားတွေရှိနေတဲ့ကာလမှာ နိုင်ငံတော်က ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကြောင့် ပိုက်ဆံရှိလို့ ပိုသုံးချင်သူတွေကို မျှခံခိုင်းတဲ့အနေအထားလို့ ဆိုရမှာပါ။ ကျပ်တည်းနေတဲ့ကာလကြီးကြောင့် မီတာခကို ပိုမသုံးချင်တာ နားလည်ပေမဲ့ တနင်္သာရီလို ဒေသမျိုးဆိုရင် လျှပ်စစ်သုံးစွဲခက တစ်ယူနစ် ကျပ် ၁၀၀၀ ကျော်ရှိသလို အခြားသော ပုဂ္ဂလိကဝန်ဆောင်မှုယူနေရတဲ့နေရာတွေဆိုလည်း တစ်ယူနစ်ကို ရာကြီးပိုင်းကနေ ထောင်ဂဏန်းပေးသုံးနေရတာမှာ အစိုးရဝန်ဆောင်မှုမီးသုံးသူက အခုမှ တစ်ယူနစ် ၅၀ ကျပ်နဲ့ စသုံးရမှာဖြစ်လို့ ရာခိုင်နှုန်းအရ တက်တာများပေမဲ့ ဖြစ်သင့်တဲ့နှုန်းလို့ ဆိုရမှာပါ။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကျပ် ၃၅၀ ဘီလျံ အရှုံးပေါ်ခဲ့ချိန်မှာ ချမ်းသာကြွယ်၀သူတွေကတော့ အင်မတန်သက်သာတဲ့နှုန်းနဲ့ လျှပ်စစ်ကို ဗုံးပေါလအော သုံးနေခဲ့တာပါ။ သာမန်အိမ်ထောင်စုတစ်စုဟာ လျှပ်စစ်ပစ္စည်းတွေသုံးဦးတော့ ယူနစ် ၂၀၀ လောက်ပဲ အများဆုံးသုံးတာမို့လို့ ပိုပေးရမှာ ၅၀၀၀ လောက်ပဲဖြစ်ပြီး တစ်ရက်မှာ ကျပ် ၇၅၀ လောက်ပဲ ကုန်ကျမှာဖြစ်လို့ လျှပ်စစ်သုံးရတဲ့ပမာဏနဲ့ ကုန်ကျငွေက ထိုက်သင့် သုံးပျော်တဲ့နှုန်းပါ။ ဒါပေမဲ့ ပိုက်ဆံရှိလို့ မီတာယူနစ် ၅၀၀ သုံးမယ်ကွာဆိုရင်တော့ အရင်လို သက်သာရာရတော့မှာမဟုတ်ဘဲ အရင်က ၅၅၀၀၀ ကျခဲ့ရင် အခုတော့ ၁၁၀၀၀၀ ကျော် ကုန်ကျတော့မှာဖြစ်လို့ ကိုယ့်ခံနိုင်ဝန်အပေါ် ချိန်ဆသုံးရင် သိပ်မသိသာတဲ့တိုးမြှင့်မှုလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ ကုန်ထုတ်လုပ်မှုတွေကတော့ မီတာခတိုးလို့ သက်ရောက်မှုရှိနိုင်ပြီး ကုန်စျေးနှုန်းအပေါ် ဖိစီးနိုင်တာတော့ မလွဲမသွေပါ။

ရွှေအပေါ် သုံးရာခိုင်နှုန်းကောက်မဲ့ ကုန်သွယ်ခွန်

ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေ)နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းက ရောင်းရငွေနဲ့ ပြည်ပကတင်သွင်းမှုအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်း ကောက်ခံမယ်လို့၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေမှာ ဖော်ပြလာပါတယ်။ ဒါ့အပြင် ရွှေစင်၊ ရွှေတုံး၊ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းက ရောင်းရငွေနဲ့ ပြည်ပကတင်သွင်းခြင်းအတွက် ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းကို အပြည့်အဝ ပေးဆောင်ရမှာဖြစ်ပြီး ပြည်တွင်းမှာ ရောင်းချစဉ် ဒါမှမဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကနေ ခုနှိမ်ခွင့်မရှိဘူးလို ဖော်ပြထားပါတယ်။ အခုပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမယ်လို့ သိရပါတယ်။

ပြည်တွင်းရွှေစျေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အခေါက်ရွှေ တစ်ကျပ်သား ၁၃ သိန်းကျော်ပဲရှိခဲ့ရာက ဒီနှစ်ထဲ ဩဂုတ်လ ၁၄ ရက်နေ့မှာဆို အမြင့်ဆုံး တစ်ကျပ်သား ၈၃ သိန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး သုံးနှစ်အတွင်း ရာခိုင်နှုန်း ၆၃၀ ကျော် တက်လာခဲ့သလို ရွှေအသင်းသတ်မှတ်တဲ့ ဖြစ်သင့်တဲ့ ရည်ညွှန်းနှုန်းထက် သိန်း ၃၀ နီးပါးလောက်ကို အပြင်မှာ စျေးဆွဲတင်ကစားခဲ့ကြတာပါ။ ဒီလို စျေးဆွဲတင်ကစားခဲ့ပေမဲ့လည်း လက်ရှိကာလမှာ ထိန်းကွပ်မှုအားနည်းနေသလို ရွှေကလည်း ဒီနေ့ဒီအချိန်အထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရနေတာပါ။ အစိုးရအနေနဲ့ စျေးဆွဲတင်ကစားမှုတွေကို ထိန်းကွပ်ဖို့ ရွှေအရောင်းအဝယ်ပြုမှုကို အရေးကြီးကုန်စည်ဥပဒေနဲ့ ထိန်းကျောင်းဖို့ ဗဟိုဘဏ်က လုပ်ဆောင်မယ်ဆိုပေမဲ့လည်း ဒီနေ့အထိ မဖြစ်လာသေးချိန်မှာ ကနဦးအနေနဲ့ ကင်းလွတ်ခွင့်ပေးထားတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို လာမဲ့အောက်တိုဘာ ၁ ရက်ကစပြီး သုံးရာခိုင်နှုန်းကောက်ခံဖို့ ဥပဒေပြင်လိုက်တာကို မြင်ရတာပါ။ စျေးအဆမတန်ဆွဲတင်စျေးကစားနေတဲ့ ရွှေလုပ်ငန်းရှင်တွေအပေါ် ဒီ သုံးရာခိုင်နှုန်းက ဘယ်လောက်အထိ သက်ရောက်မလဲ။ နိုင်ငံက အခွန်ပိုရမလား။ ပြည်သူကပဲ အဆမတန်ဆွဲတင်ထားတဲ့ ရွှေစျေးအပြင် သုံးရာခိုင်အခွန် ထပ်ထမ်းရမလား။ အခွန်ထမ်းရလို့ဆိုပြီး ရွှေစျေးပဲ တစ်ကျပ်သား သိန်း ရာဂဏန်းနား ဆွဲတင်သွားကြမလားဆိုတာကတော့ နောက်ထပ် ရက် ၃၀ မှာ သိရမှာပါ။

မသုံးစွဲနိုင်တဲ့ နိုင်ငံပိုင် နိုင်ငံခြားငွေ

နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး sac အစိုးရ စတင်တာဝန် ထမ်းဆောင်ချိန်မှာ အနောက် နိုင်ငံတွေအနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် အထောက်အပံ့တွေ ပေးအပ်မှုကိုလည်း လျှော့ချခဲ့တာတွေကြောင့် နိုင်ငံပိုင် နိုင်ငံခြားငွေတွေ သုံးစွဲမှုမပြုနိုင်ခဲ့ဘဲ ကုန်သွယ်မှုတွေက ရရှိတဲ့နိုင်ငံခြားငွေတွေကို အဓိကထား သုံးစွဲနေရတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ အရင်က ချေးငွေတွေ၊ ထောက်ပံ့ငွေတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ နိုင်ငံခြားငွေ ရရှိနေပေမဲ့လည်း လက်ရှိမှာတော့ အဲဒီလို မရတဲ့အပြင် ပြည်ပချေးငွေတွေကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရပြီး အဓိကအနေနဲ့ ကုန်သွယ်မှုတွေ ပိုမိုဆောင်ရွက်နိုင်မှ နိုင်ငံခြားငွေ ပိုမိုရရှိမှာဖြစ်လို့ ကုန်ထုတ်လုပ်ငန်းတွေကို အဓိကဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

နိုင်ငံပိုင် နိုင်ငံခြားငွေတွေကို မသုံးစွဲနိုင်သလို အရင်တုန်းကလို အတိုးသက်သာတဲ့ ချေးငွေတွေ၊ ထောက်ပံ့ငွေတွေကလည်း မရတာ၊ သယံဇာတက ရတဲ့နိုင်ငံခြားငွေတွေလည်း ပိတ်ဆို့ခံနေရတာအပြင် ဒီကြားထဲမှာ နိုင်ငံ့သိက္ခာအတွက် အစိုးရအဆက်ဆက် ချေးယူထားတဲ့ ကြွေးမြီအတိုးအရင်းကလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၇၀၀ ကျော် ဆပ်နေရတာဖြစ်လို့ SAC အစိုးရသက်တမ်းမှာလည်း လက်ရှိကာလအထိဆိုရင် ပျမ်းမျှနှုန်းအရ ကြွေးမြီဒေါ်လာ ၂ ဘီလျံခွဲလောက်ကလည်း ဆပ်ထားရတဲ့အခြေအနေပါ။ ဒီလိုမျိုး ဘက်စုံပိတ်ဆို့နေချိန်မှာ ကုန်သွယ်မှုဝင်ငွေတစ်ခုပဲ အားပြုနေရချိန်မှာ ပြန်ဆပ်နေရတဲ့ နိုင်ငံတကာကြွေးမြီဝန်ထုပ်ဝန်ပိုးဟာ အစိုးရတစ်ရပ်အတွက်တော့ အခက်အခဲဖြစ်ရုံဆိုပေမဲ့လည်း ပြည်သူတွေအဖို့ကြတော့ ကျပ်ငွေတန်ဖိုးကျဆင်းလို့ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်၊ ကုန်စည်ပြတ်လပ်မှုဒဏ်ကို လည်စင်းခံရတော့တာပါ။ ဒါကြောင့်မို့လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အစိုးရကို မထိခိုက်ဘဲ ပြည်သူတွေပဲထိခိုက်တာလို့ ပါတီတွေ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက ဝေဖန်သုံးသပ်ကြတာဖြစ်သလို လက်ရှိမှာကို ဒီလိုမျိုးပိတ်ဆို့မှုတွေကြောင့်ပဲ အစိုးရက အရှုံးခံ စိုက်ထုတ်ကုန်ကျပေးနေတဲ့ မီတာခလို ကိစ္စတွေက အရှုံးမခံနိုင်တော့လို့ တိုးကောက်တာကြောင့် ပြည်သူတွေ ညည်းညူနေကြရပြီဖြစ်ပါတယ်။ သေချာတာက​တော့ အစိုးရကို ထိခိုက်နိုးနိုးနဲ့ ပိတ်ဆို့မှုဟူသမျှ သဘောတူလက်ခုပ်တီးနေသရွေ့တော့ နောက်ဆုံးမှာ End User ဖြစ်တဲ့ စားသုံးသူ ပြည်သူပဲ ကျပ်တည်းဒုက္ခဟူသမျှ ရင်စည်းခံရမှာမို့လို့ ကိုယ်တီးတဲ့လက်ခုပ်ဟာ ကိုယ်ဘ၀ ပိုကျပ်တည်းဖို့ ပြယုဂ်ဖြစ်နေတာ သိမြင်တွေးဆတတ်ချိန်တန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *