September 19, 2024

MT News
၂. ၉. ၂၀၂၄

ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA အဖွဲ့နှင့် တအာန်းလက်နက်ကိုင် TNLA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂ဝ၂၄ ဖြင့် ယနေ့ စက်တင်ဘာ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည့်အပြင် ရခိုင်လက်နက်ကိုင် AA ကိုပါ အကြမ်းဖက်အဖွဲ့အဖြစ် ပြန်လည်ကြေညာလိုက်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် MNDAA နှင့် TNLA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် Ta’ang National Liberation Army(TNLA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည် သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

ထို့အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကိုအကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည်။ သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် Ta’ang National Liberation Army(TNLA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ၂/၂၀၂၄ ကို ထုတ်ပြန်လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၃.၃.၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၀)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။ သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၁.၃.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၁)ဖြင့် ယင်း အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသည်။

ယခုအခါ အဆိုပါ United League of Arakan (ULA)/ Arakan Army(AA) အဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ပြန်လည်ကျူးလွန်လာခဲ့သည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော် ကို အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ သို့ပါ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၁.၃.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊(၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *