September 19, 2024

MT News
၂. ၉. ၂၀၂၄

မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ KTV ၊ Bar နှင့် Club များတွင် မူးယစ်ဆေးဝါးများ လိုက်လံရောင်းချနေသူ ၆ ဦးကို ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ စိုးတင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိတရားခံစိုးတင့် ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီ အား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကံထူးတင်သိန်း အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ TOYOTA FIELDER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံဖမ်းမိတရားခံ ကံထူးတင်သိန်း ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ ယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ် အား တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းရှိနေအိမ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့်နှင့်လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန် စိတ်ပြောင်းဆေးဝါးများအား လူမဲ့တန်ဆာဖြင့် ပို့ဆောင်ပေးသူ ဝါဝါလွင်(ခ)စန္ဒာ အား ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂ ဒသမ ၄၅ ကီလို၊ အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ အိုက်စ်(မက်သ်အဖက်တမင်း)၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၁ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြား၌ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိထားသူ စိန်မြင့်(ခ)အားသာ အား စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိန်မြင့်(ခ)အားသာ(၂၅)နှစ်အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *