September 19, 2024

၁.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ပရာချက်ကီရီခန်ပြည်နယ်တွင် နေထိုင်နေသည့် မြန်မာမိသားစုဝင်သုံးဦး၏ ရုပ်အလောင်းများကို စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းနိုင်ငံ Thap Sakae အရပ်ဒေသရှိ Huai Yang မြို့တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ်ရှိ ကိုယ်ဝန်သည်မြန်မာအမျိုးသမီးနှင့် အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်၏ရုပ်အလောင်းများကို နေအိမ်အတွင်းတွေ့ရှိခဲ့သည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီး နှင့် သမီးဖြစ်သူတို့ကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာအမျိုးသမီးသည် ကိုယ်ဝန် ၈ လရှိနေပြီး မျက်နှာနှင့်ဦးခေါင်းများတွင် မာကျောသောအရာနှင့်ရိုက်နှက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကာ အသက် ၇ နှစ်အရွယ်ရှိ သမီးဖြစ်သူသည်လည်း ဦးခေါင်းတွင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းမျိုးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာအမျိုးသမီးနှင့် သမီးဖြစ်သူတို့၏ ရုပ်အလောင်းမှာ မတွေ့ရှိခင် သုံးရက်ခန့်တည်းက အသတ်ခံရခြင်းမျိုးဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းကိုလည်း Huai Yang မြို့ Ban Hua Khao အရပ်ဒေသရှိ ရာဘာတောထဲတွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါလူသတ်မှုသည် ဓားပြတိုက်မှုပုံစံမျိုးဖြစ်ပြီး အသတ်ခံရသောမိသားစုထံမှ ထိုင်းဘတ်ငွေ ၅ သောင်း ဓားပြတိုက်ရန် ကြိုးပမ်းရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား မိသားစု ဝင်သုံးဦးကို သတ်ခဲ့သူများသည် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

အသတ်ခံရသော မြန်မာနိုင်ငံသားသည် အခြား မြန်မာ နိုင်ငံသားနှစ်ဦးကို ရာဘာခြံတွင် အပင်များခုတ်ရန် ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးက ထိုင်းဘတ်ငွေ ၅၀၀၀၀ ရရှိရန် ဓားပြတိုက်သတ်ဖြတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

လူသတ်မှုကျူးလွန်သူအဖြစ် အဓိကသံသယရှိခံနေရသည့် မြန်မာနိုင်ငံသားနှစ်ဦးသည် ခင်ပွန်းဖြစ်သူကို ရာဘာခြံအတွင်းသတ်ခဲ့ပြီးနောက် ၎င်း၏ ဆိုင်ကယ်ကို စီးနင်းကာ အိမ်ကိုလာပြီး ကိုယ်ဝန်သည် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ကို ထပ်မံသတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အသတ်ခံရသော မြန်မာနိုင်ငံသား၏ညီဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးက အကိုဖြစ်သူ၊ ယောင်းမနှင့် တူမဖြစ်သူတို့သည် တနင်္သာရီတိုင်း၊ မြိတ်မြို့မှဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့သူများဖြစ်ကြောင်း၊ ၎င်း၏အကိုဖြစ်သူနှင့်မိသားစုတို့ကို ၎င်းတို့အိမ်တွင် ငှားရမ်းနေထိုင်နေသည့် မြန်မာနိုင်ငံသား နှစ်ဦးက သတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ပြောသည်။

REF Thaiger

Leave a Reply

Your email address will not be published. Required fields are marked *