September 19, 2024

၂. ၉. ၂၀၂၄
Written by Thettant

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကိုနန်းလင်းဆိုသူမှာ မိမိနာမည်မှအပ ကိုယ်ရေးအချက်အလက်များ ပြောနိုင်ခြင်းမရှိ၍ သိရှိသူများ ဆက်သွယ်ပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဩဂုတ် ၃၀ ရက်က အကူအညီတောင်းခံခဲ့ရာ သိရှိသူများ ဝိုင်းဝန်းကူညီ၍ လက်ရှိတွင် အဆိုပါမြန်မာနိုင်ငံသားကို အမိမြေသို့ ပြန်ပို့ပေးရန် စီစဥ်နေပြီဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယနေ့သိရသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် မြန်မာနိုင်ငံသား ကိုနန်းလင်း ဆိုသူအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရေးအတွက် ကနဦးအနေဖြင့် ၎င်းနှင့်သက်ဆိုင်သည့် အတည်ပြုရန်လိုအပ်နေသော အချက်အလက်များရရှိရေး ဆောင်ရွက်ခဲ့ရာတွင် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ ပူးပေါင်းပါဝင်ကူညီမှုကိုလည်း ရရှိရန်အတွက် မြန်မာသံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးကြေညာချက်ကို ဖတ်ရှုခဲ့ကြသော မြန်မာနိုင်ငံသားများအနက်မှ ကိုနန်းလင်း ကို သိရှိကြသူများ၏ မှတ်ချက်ပြုရေးသားချက်များမှတစ်ဆင့် ၎င်း၏မိသားစုနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြန်မာသံရုံးအနေဖြင့် ကိုနန်းလင်း အား ဘူဆန်မြို့ မှတစ်ဆင့် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ယနေ့ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ခေါ်ယူရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်က ကိုနန်းလင်းအား သံအမတ်ကြီး၏ ဧည့်ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ၎င်း၏ အလုပ်အကိုင်၊ ကျန်းမာရေး၊ လှုမှုရေးဆိုင်ရာ အခြေအနေများကို မေးမြန်းခဲ့ကာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များနှင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်ရာတွင် နေထိုင်ပြုမူ လုပ်ဆောင်သင့်သည်များနှင့်စပ်လျဉ်းပြီး ဆုံးမဩဝါဒပေးခဲ့သည်။ ဆက်လက်ပြီး သံအမတ်ကြီးသည် ကာယကံရှင်၏ဆန္ဒအရ ၎င်း၏မွေးရပ်ဇာတိသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်စစ်တာဝန်ခံအရာရှိနှင့် အလုပ်သမားသံအရာရှိတို့အား လမ်းညွှန်မှုများပေးခဲ့ပြီး ကာယကံရှင်အတွက် လိုအပ်မည့် အဝတ်အထည်နှင့် ထောက်ပံ့ငွေ တို့ကိုလည်း ‌ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ကိုနန်းလင်း မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီအချိန်အထိ ဆိုးလ်မြို့၌ ခေတ္တနေထိုင်နိုင်ရေးအတွက် နေရာထိုင်ခင်းကိုလည်း မြန်မာသံရုံးအနေဖြင့် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့် ကိုနန်းလင်း အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုကွန်ရက်မှတစ်ဆင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း ဆက်သွယ်သတင်းပေး ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို မြန်မာသံရုံးအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်းလည်း ကြေညာပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *