September 19, 2024

◾ ယနေ့ ထီဆုငွေကို သွားရောက်ထုတ်ယူခဲ့ပြီးဖြစ်ဟု သိရ

၂.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်ခဲ့ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော (M.H.A.C) မဟာမိတ်အဖွဲ့ ၏ အုပ်ချုပ်သူ ကိုရဲမင်းက MT News ကို ပြောသည်။

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကဖြစ်ပြီး ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိအထည်ချုပ်စက်ရုံတွင် လွန်ခဲ့သော (၈) နှစ်ခန့်ကပင် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းအစိုးရထီဖွင့်ပွဲတွင် ထိုင်းနိုင်ငံ၏အမြင့်ဆုံးထီဆုဖြစ်သော ဘတ်(၆)သန်းဆုကို မြန်မာလုပ်သားဇနီးမောင်နှံက ၁၉၉၆၀၆ ဂဏန်းဖြင့် ကံထူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ရုံးကို ဆက်သွယ်အကူအညီတောင်းလာပါတယ်။ ဒါကြောင့် ဒီနေ့ စက်တင်ဘာလ ၂ ရက်မှာပဲ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လုံခြုံရေးပိုင်းကိုပါတာဝန်ယူပြီးတော့ ဆုငွေကို နေ့ချင်းပြီးထုတ်ယူပေးခဲ့ပါတယ်။ ကျွန်တော်တို့ အရင်က အဖွဲ့နာမည် AAC မဟာမိတ်အဖွဲ့ကနေ အခု MHAC မဟာမိတ်အဖွဲ့ထိ ထိုင်းအစိုးရ ထီအမြင့်ဆုံးဆု ဘတ် ၆ သန်းဆု နှစ်စောင်တွဲပေါက်တဲ့သူ ၆ ယောက် အပါအဝင် ပထမဆုကြီးပေါက်သူ ၅၂ ယောက်ရဲ့ ထီဆုငွေတွေကို သွားရောက်ပြီး ထုတ်ယူပေးနိုင်ခဲ့ပါတယ်”ဟု ကိုရဲမင်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်ကလည်း ထိုင်းနိုင်ငံနေမောင်နှမနှစ်ဦး ထိုင်းအစိုးရထီကို ၄၀၇၀၄၁ ဂဏန်းဖြင့် နှစ်စောင်တွဲ ပေါက်ခဲ့သောကြောင့်ဘတ် ၁၂ သန်းကံထူးခဲ့သေးကြောင်း၊ ယင်းမောင်နှမနှစ်ယောက်မှာ ကရင်ပြည်နယ်၊ မြဝတီခရိုင်မှ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ ကော်ထုတ်လုပ်ရေးစက်ရုံတွင် မိသားစုဝင်များနှင့်အတူ လွန်ခဲ့သော ၈ နှစ်ခန့်ကပင် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *