September 19, 2024

၂. ၉. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးစစ်တပ်က ဟားမားစ်တို့ သတ်ဖြတ်ထားခဲ့တဲ့ ဓားစာခံခြောက်ဦးရဲ့အလောင်းတွေကို ဩဂုတ်လ ၃၁ ရက်ညမှာ ပြန်လည်တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ မခံမရပ်နိုင်စိတ်ဆိုးနေကြတဲ့ အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာဟာ အဝေးပြေးလမ်းမကြီးတစ်ခုကို ပိတ်ဆို့ကာ ဓားစာခံများလဲလှယ်ရေးအတွက် အပစ်အခတ်ရပ်ဆိုင်းမှု ဆောင်ရွက်ရေးကိုတောင်းဆိုတဲ့ ကြီးမားလှတဲ့ လူထုဆန္ဒပြပွဲကြီးကို တယ်လ်အဗစ်မြို့မှာ စက်တင်ဘာလ ၁ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၇ ရက်ကစလို့ အကြီးမားဆုံးဆန္ဒပြပွဲကြီးလို့ ဆိုရမယ့် အဆိုပါလူထုဆန္ဒပြပွဲမှာ ဆန္ဒပြသူ ၃၀၀,၀၀၀ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က ဝန်ကြီးချုပ် နေတန်ရာဟုကို ဓားစာခံလဲလှယ်ရေးသဘောတူညီချက်ရရှိစေရန်ဆောင်ရွက်နိုင်ဖို့ တောင်းဆိုခဲ့ကြကာ ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် အစ္စရေးနိုင်ငံအနှံ့ အလားတူ ဆန္ဒပြအင်အား ၂၀၀,၀၀၀ ကျော်ကလည်း စုရုံးဆန္ဒပြလျက်ရှိကြပါတယ်။

ဓားစာခံခြောက်ဦးမှာတော့ အသက် ၂၃ နှစ်မှ ၄၀ နှစ်အကြား အစ္စရေးနိုင်ငံသားခြောက်ဦးဖြစ်ပြီး အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ပါဝင်ကြကာ ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ သူတို့အလောင်းတွေကို တွေ့ခဲ့ရတာပါ။ ဆေးစစ်ဆေးချက်တွေအရလည်း သူတို့ဟာ ဩဂုတ်လ ၂၉ ရက်နဲ့ ဩဂုတ်လ ၃၀ ရက် နံနက်ခင်းအကြား အချိန်ကာလမှာ ပစ်သတ်ခံခဲ့ရတာလို့ယူဆရပြီး သူတို့ရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ အနီးကပ်ပစ်ခတ်ထားတဲ့ ကျည်ဆံထိမှန်ချက်များစွာ တွေ့ခဲ့ရပါတယ်။

ဆယ့်တစ်လနီးပါး ဟားမားစ်တို့ရဲ့ ဖမ်းဆီးခြင်းခံထားရပြီး အသတ်ခံခဲ့ရတဲ့ သူတို့ရဲ့ ကြေကွဲဖွယ်အဖြစ်က တစ်နိုင်ငံလုံးဝမ်းနည်းပူဆွေးကာ မခံမရပ်နိုင်ဒေါသဖြစ်ခဲ့ကြတာပါပဲ။ ဒီမှာ အစ္စရေးပြည်သူအများအပြားက နိုင်ငံရေးအကြောင်းတွေကြောင့် ဓားစာခံလဲလှယ်ရေးကို နှောင့်နှေးအချိန်ဆွဲထားတယ်လို့ စွပ်စွဲကြကာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုကို မကျေမနပ်ဖြစ်ခဲ့ကြတာပါပဲ။

ဆန္ဒပြပွဲတွေမှာ “ဓားစာခံလဲလှယ်ရေး အခုဆောင်ရွက်ပါ”၊ “ဓားစာခံများအသက်ရှင်လျက် အိမ်ပြန်လာတာ မြင်ချင်တယ်” စတဲ့ ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြတာတွေ့ရပါတယ်။

ခုလိုအသတ်ခံခဲ့ရတဲ့ အစ္စရေးဓားစာခံ ခြောက်ဦးဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကိုဝင်ရောက်အကြမ်းဖက်တိုက်ခိုက်စဉ် ဖမ်းဆီးပြန်ပေးဆွဲထားတဲ့ အစ္စရေးနိုင်ငံသား ၂၅၁ ဦးမှာ ပါဝင်ပါတယ်။ အဆိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရသူ ၂၅၁ ဦးအနက် ၉၇ ဦးက ဂါဇာကမ်းမြောင်ဒေသအတွင်း ရှိနေသေးတယ်လို့ ယုံကြည်ရပါတယ်။

ဟားမားစ်တို့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ ရရှိခဲ့တဲ့ တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဓားစာခံ အရပ်သား ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လေးဦးကတော့ ထို့မတိုင်ခင်ကာလထဲက လွှတ်ပေးခြင်းခံခဲ့ရတာပါ။ ရှစ်ဦးကိုတော့ ဂါဇာဒေသအတွင်း အစ္စရေးတပ်ဖွဲ့တွေက အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဓားစာခံ ၃၇ ဦးကိုတော့ သူတို့ရဲ့အလောင်းတွေကိုပဲ တွေ့ခဲ့ကြတာပါ။ ဒီထဲမှာ ဟားမားစ်တို့လက်မှ ထွက်ပြေးလွတ်မြောက်လာစဉ် အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတွေ့ အထင်မှားပြီး ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ဓားစာခံသုံးဦးလည်းပါမှာပါ။

ဒါ့ပြင် ဟားမားစ်တို့က ၂၀၁၄ နဲ့ ၂၀၁၅ မှာ ဂါဇာကမ်းမြောင်ကိုဝင်ရောက်ခဲ့တဲ့ အစ္စရေး အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

ဒီလို ဟားမားစ်တို့လက်ကျရောက်နေဆဲဖြစ်တဲ့ အစ္စရေးနိုင်ငံသား ဓားစာခံ တစ်ရာနီးပါး အသက်ရှင်လျက် ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လူထုဆန္ဒပြမှုတွေကို စက်တင်ဘာလ ၂ ရက်မှာ ဆက်လက် ပြုလုပ်ဖို့လည်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

Ref- Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *