September 19, 2024

၂. ၉. ၂၀၂၄
Written by Nyein Kyaw

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှု ဖိအားများကြောင့် ဝယ်လိုအားကျဆင်းလာ၍ မြန်မာ့ကုန်လုပ်မှုသည် စစ်တမ်း၏ မှတ်တမ်းတစ်လျှောက် အနိမ့်ဆုံးအထိ ကျဆင်းခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် နှစ်လဆက်တိုက် အလယ်အမှတ် ၅၀ အောက်မှာရှိနေခဲ့ပြီး ဩဂုတ်လတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း အနိမ့်ဆုံးအမှတ်အဖြစ် ၄၃ ဒသမ ၄ သို့ ကျဆင်းလာခဲ့သည်။

နောက်ဆုံးပြုလုပ်သော စစ်တမ်းကာလအတွင်း နောက်ထပ်စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်လာမှုတစ်ခုမှာ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတဝှမ်းတွင် အဆိုးမြင်မှု ပိုမိုများပြားလာခြင်းဖြစ်ခဲ့ပြီး နိုင်ငံရေးနှင့် ဈေးကွက်တည်ငြိမ်မှုအပေါ် စိုးရိမ်ပူပန်မှုများက လာမည့်တစ်နှစ်အတွက် ကြိုတင်ခန့်မှန်းမှုများကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ကာ လုပ်ငန်းများသည် အစဉ်အဆက် မှတ်တမ်းတစ်လျှောက်တွင် လှုပ်ရှားတက်ကြွမှု မရှိဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

“ဝယ်လိုအားတိုးတက်အောင် မလုပ်နိုင်ခြင်းက ရှိနှင့်ပြီးဖြစ်ကာ လုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ ဈေးနှုန်းပိုမိုမြင့်မားတဲ့ ထုတ်ကုန်တွေကို ပြင်းထန်တဲ့ ငွေကြေးဆိုင်ရာ အကန့်အသတ်တွေ ကြုံနေရတဲ့ ဖောက်သည်တွေဆီ ရောင်းချနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ထုတ်လုပ်ရေးက လပေါင်း ၂၀ အတွင်း သိသာထင်ရှားဆုံးနှုန်းနဲ့ ကျဆင်းခဲ့တာကြောင့် ဂယက်ရိုက်မှုက ထုတ်လုပ်ရေးမှာ ဆိုးဝါးပြင်းထန်တဲ့ ကျဆင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။

ဝယ်ယူမှုကုန်ကျစရိတ်များသည် တစ်နှစ်အတွင်း ပြင်းထန်ခဲ့ပြီး ရလဒ်အနေဖြင့် လုပ်ငန်းများသည် ၎င်းတို့၏ အဖိုးအခများကို ပိုမိုအားကောင်းသောနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည့်အပြင် ထုတ်လုပ်ရေးအတွက် ၁၂ လစာ ရှုမြင်သုံးသပ်ချက်သည် စစ်တမ်းသမိုင်းကြောင်း တစ်လျှောက် အဆိုးမြင်မှုအရှိဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့ဖူးသည်။

သို့သော် ရှမ်းမြောက်ဒေသတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင် ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် မေလတွင် ပြန်လည်ဦးမော့လာနိုင်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် ထပ်မံတိုက်ပွဲများ ဖော်ဆောင်လာခဲ့သည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ကုန်ထုတ်လုပ်မှုများ ပြန်လည်ကျဆင်းလာခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *