September 19, 2024

၂.၉.၂၀၂၄
Written By Thandar

The Mask Singer Myanmar ပြိုင်ပွဲမှာ ဆယ်လီမျက်နှာဖုံးရှင်အနေနဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုးက ဆာမူရိုင်းမျက်နှာဖုံးနဲ့ပါဝင်ခဲ့ရာ ဆယ်လီစုံထောက်တွေနဲ့ ပရိသတ်တွေမရိပ်မိအောင် ဆာမူရိုင်းကာရိုက်တာကို ပူးကပ်ပြီးနေခဲ့ရတာ အမှတ်တရဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အသံကတော့ သိရင်လည်း သိပါစေဆိုပြီး ဆိုဖြစ်တယ်။ ဒါပေမယ့် မသိအောင် သတိထားပြီး နေဖြစ်တာက ကိုယ့်ရဲ့ အမူအရာ၊ လှုပ်ရှားမှုတွေက ကိုယ့်ကိုခန့်မှန်းတဲ့အချိန်သိသွားနိုင်တယ်။ အထူးသဖြင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း ဆယ်လီစုံထောက်ထဲပါနေတယ်။ သူတို့က အမြဲတမ်းထိတွေ့နေရတဲ့ သူတွေဆိုတော့ သူတို့သိသွားနိုင်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ လှုပ်ရှားမှုတွေကို အပြင်မှာ လှုပ်ရှားနေတဲ့ပုံမျိုး မဟုတ်ဘဲနဲ့ ကာရိုက်တာထဲကလိုမျိုး ဆာမူရိုင်းမျက်နှာဖုံးလိုမျိုး ဇာတ်ကောင်ကာရိုက်တာကို ပူးကပ်ပြီးနေရတာက အမှတ်တရပါပဲ” လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ပရိသတ်အားပေးမှုရရှိထားကြတဲ့ ဆယ်လီတွေက ဆယ်လီမျက်နှာဖုံးရှင်တွေအနေနဲ့ ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး Group D ယှဉ်ပြိုင်မှုမှာ ဆာမူရိုင်းမျက်နှာဖုံး၊ ကလီရိုပတ်ထရာ မျက်နှာဖုံးနဲ့ သူရဲကောင်း မျက်နှာဖုံးတို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီနေတိုးက ဆာမူရိုင်း မျက်နှာဖုံးရှင်အနေနဲ့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အများစုကလည်း သရုပ်ဆောင် နေတိုးရဲ့ အသံရယ်၊ သီချင်းသီဆိုပုံဟန်ပန်တွေကြောင့် မှတ်မိခဲ့ကြတာလည်း ဖြစ်ပါတယ်။

“သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အသံကို အရမ်းကြီး ပြောင်းလဲဖို့ မကြိုးစားခဲ့ဘူး။ ဘာလို့လဲဆိုရင် ပထမသီချင်းတစ်ပုဒ်ကလည်း ကျွန်တော်နဲ့ ရင်းနှီးတဲ့ သီချင်းဖြစ်ပေမယ့်လည်း သီချင်းက နည်း နည်းခက်တဲ့ ပုံစံဖြစ်တော့ အသံကိုအမြင့်သံရောက်အောင်ပဲ ဆိုလိုက်တယ်။ ဒုတိယ သီချင်းကြတော့လည်း ပရိသတ်တွေ တစ်ခါမှမကြားဘူးတဲ့ သီချင်းဖြစ်နေတော့ ပုံမှန်ဆိုတဲ့ဟန်ကိုပဲ နည်းနည်းလေးပဲ ပြောင်းထားတယ်။ နည်းနည်းလေး နူးညံတဲ့ ပုံစံလေးဖြစ်အောင် သီဆိုထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကို မှတ်မိပြီ အားပေးခဲ့တဲ့ ပရိသတ်တွေ အကုန်လုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *