September 19, 2024

၂. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်သမားများက လစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြမှုများကို ဩဂုတ်လ ၃၁ ရက်နှင့်စက်တင်ဘာလ ၁ ရက်တို့က ပြုလုပ်ခဲ့ကြရာ မြို့တော်ဒက်ကာ၏ ဆင်ခြေဖုံးရှိ အဝတ်အထည်စက်ရုံ ၁ဝ ခုနှင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ ၂၀ တို့‌မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ဆန္ဒပြမှုများက ဆာဗာ၊ အရှုလီယား၊ ဒမ်ရေး နှင့် ဂါဇီပူရ်မြို့များတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ACI ဆေးဝါးကုမ္ပဏီညွှန်ကြားရေးမှူးချုပ် အမ်မိုဟီဘတ်ဇ်ဇာမန်က အကယ်၍သာ အလုပ်သမားများက ဆန္ဒပြမှုကိုဆက်လက်ပြုလုပ်ကြမည်ဆိုလျှင် လုပ်ငန်းအပေါ်သို့ ရေရှည်ထိခိုက်မှုဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ၎င်းက “ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြ မငြိမ်သက်မှုက လွန်ခဲ့တဲ့ ၁၀ ရက်လောက်မှာ ရုတ်တရက်စလာခဲ့တာပါ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ နောက်ကွယ်က လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ရပ်ရှိလိမ့်မယ်လို့ ထင်တယ်” ဟု ပြောခဲ့သည်။

အုပ်ချုပ်ရေးအပိုင်းက အလုပ်သမားများနှင့်ဆွေးနွေးကာ ၎င်းတို့ လိုလားချက်များကို တစ်ဆင့်ချင်း လိုက်လျောဆောင်ရွက်ပေးရန် ကတိပေးခဲ့သည်ဟု ဆိုသည်။ညအုပ်ချုပ်ရေးအပိုင်းက လစာတိုးမြှင့်ပေးရန်မှာ ယခုပင်ဆောင်ရွက်ပေးနိုင်သော်လည်း အခြားတောင်းဆိုချက်များကို လိုက်လျောရန် အချိန်ယူရလိမ့်မည်ဟု ဇာမန်က ပြောခဲ့သည်။

သို့သော် အလုပ်သမားများက အလုပ်ခွင်များသို့ ပြန်မလာခဲ့ကြသဖြင့် ဆေးဝါးထောက်ပံ့မှုလုပ်ငန်းကွန်ရက်က ပျက်ပြားခဲ့ရကြောင်းလည်း သိရသည်။

Inceptia Pharmaceuticals ကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး မာဘူဘူလ် ကာရင်မ်က ဆန္ဒပြမှုများအတွင်း ဆိုးဆိုးရွားရွားဖြစ်ရပ်များဖြစ်ပွားမည်စိုး၍ စက်ရုံကိုပိတ်ထားကြောင်း ပြောခဲ့သည်။ ၎င်းက အုပ်ချုပ်ရေးအပိုင်းက အလုပ်သမားများနှင့် ဆွေးနွေးမှုများပြုခဲ့ကြောင်း၊ သို့သော် အလုပ်သမားများက ၂၄ နာရီအတွင်း တောင်းဆိုချက်များကိုလိုက်လျောရန်ပြောနေကြခြင်းကြောင့် အောင်မြင်မှုမရခဲ့ကြောင်း ပြောခဲ့သည်။

ထို့ပြင် Square Pharmaceuticals ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဇာဟန်ဂါအလမ်ကလည်း အလုပ်သမားများအနေဖြင့် ကုမ္ပဏီ၏တောင်းဆိုပြောကြားချက်များကို နားမထောင်ကြသောကြောင့် ဩဂုတ်လ ၃၁ ရက်မှစ၍ ကုမ္ပဏီ၏ စက်ရုံများကိုညပိတ်ထားခဲ့ကြောင်း ပြောခဲ့သည်။ Square Pharmaceuticals ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွင် ပုံမှန်မဟုတ်သော အလုပ်သမား ၁,၀၀၀ ခန့် နှင့် ပုံမှန်အမြဲတမ်းအလုပ်သမား ၆,၀၀၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် Popular Pharmaceuticals, GAB Limited, Snowtex, Starling Group Apparel, NASA Apparels နှင့် Acme Agrovet & Consumers Ltd စသည့် ဆေးဝါးကုမ္ပဏီများနှင့် အဝတ်အထည်ကုမ္ပဏီများမှ အလုပ်သမားများကလည်း စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် နာဘီနာဂါ-ချန်ဒရာ အဝေးပြေးလမ်းမကြီးအားပိတ်ဆို့ကာ ဆန္ဒပြမှုများ စတင်ခဲ့ကြသည်။

ဆန္ဒပြအလုပ်သမားတချို့က ၎င်းတို့အနေဖြင့် ဆုကြေးငွေ၊ နေ့လည်စာ ခွင့်ပြုကြေးတို့အပြင် အလုပ်သမားများကို အလုပ် ခွင်မှရပ်ဆိုင်းမှုအား အဆုံးသတ်ပေးရေးတို့ကိုပါ လိုလားကြောင်း တောင်းဆိုချက်များ မရမချင်းဆန္ဒပြသွားမည်ဖြစ် ကြောင်း ပြောခဲ့ကြသည်။ ၎င်းတို့က တောင်းဆိုချက်များအား တရားဝင် လိုက်လျောပေးရေး၊ လစာတိုးမြှင့်ပေးရေးနှင့်ဆေးဝါးကုသခွင့်တို့အတွက် ပြောဆိုနေကြကြောင်းသိရသည်။

Ref-Daily Star

Leave a Reply

Your email address will not be published. Required fields are marked *