September 19, 2024

၂.၈.၂၀၂၄
Written by Hey Mar

ဆိုင်ကယ်ဘေးတွဲယာဥ်တစ်စီး အရှိန်လွန်ကာ ရေမြောင်းထဲ ပြုတ်ကျရာက ဘေးတွဲမောင်းသူ ဘေးတွဲပိပြီး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂ ရက် မနက် ၉ နာရီအချိန်ခန့်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က တောင်ဥက္ကလာဂေါက်ကွင်းရှေ့ အကွေ့မှာ အရှိန်လွန်ပြီး ဘေးရေမြောင်းထဲ ထိုးကျရာက ဘေးတွဲမောင်းသူ အသက် ၅၀ ခန့် အမျိုးသားတစ်ဦး သူ‌မောင်းတဲ့ ဘေးတွဲနဲ့ ပြန်ပိပြီး ရေနစ်သေဆုံးသွားတာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မြန်မာ့ကြယ်ဖြူ လူမှုကူညီ‌ရေးအသင်း တာဝန်ရှိထံက သိရပါတယ်။

အဆိုပါအသင်း တာဝန်ရှိသူက “ရေက ဒူးခေါင်းလောက်ပဲ ရှိတာပါ။ သေဆုံးသူမှာလည်း ဒဏ်ရာကြီးကြီးမားမားရထားတာမရှိဘူး။ ပေါက်ပြဲ ပွန်းပဲ့လောက်ပဲ။ သူ့ဘေးတွဲက သူ့ကို ပြန်ပိတဲ့ အရှိန်နဲ့ ရေထဲနစ်နေတော့ သေဆုံးရတာ”လို့ MT News ကို ပြောပါတယ်။

သေဆုံးသူ ဘေးတွဲဆရာရဲ့ မိသားစုဝင်တွေနဲ့တော့ လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးဘဲ ရုပ်အလောင်းကို မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းယာဥ်နဲ့ မြောက်ဥက္ကလာပဆေးရုံဆီ ကူညီပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *