September 19, 2024

၂. ၉. ၂၀၂၄
Written by Nyein Kyaw

စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့တွင် ပြုလုပ်သည့် စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထုတ်ပြန်ကြေညာထားရှိသည့် ရန်ကုန်အထိုင်အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ၊ အလုပ်သမားခများ ထပ်ပေါင်းပြီး လက်ကား၊ လက်လီ အဆင့်တစ်ဆင့်စီတိုင်း၌ အမြတ် ၂ ရာခိုင်နှုန်းထက်မပိုဘဲ ဖြန့်ဖြူးရောင်းချရန် ညွှန်ကြားထားရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ပမှတင်သွင်းသည့် စားအုန်းဆီဆိပ်ကမ်းအရောက်တန်ဖိုး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် အခြေခံကာ ပြည်တွင်း ကုန်ကျစရိတ်များကိုတွက်ချက်၍ တစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းကို နိုင်ငံပိုင်သတင်းစာများ၌ အပတ်စဉ် ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။

လက်ရှိတွင် စားအုန်းဆီကို သတ်မှတ်ဆိုင်များတွင် ရည်ညွှန်းဈေးများဖြင့် ဝယ်ယူနိုင်သည့်အပြင် ရန်ကုန်တိုင်းအတွင်း စားအုန်းဆီအိမ်အရောက်ပို့စနစ်နှင့်ပါ ရောင်းချပေးနေပြီး အိမ်အရောက်ပို့ မှာယူမည်ဆိုပါက မိသားစုတစ်ခု တစ်လစာအတွက် အများဆုံး ၂ ပိဿာအထိသာ ရောင်းချပေးခဲ့ရာမှ ယခုစက်တင်ဘာလမှစတင်ပြီး ၃ ပိဿာအထိ မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *