September 19, 2024

၂.၉.၂၀၂၄
Written by Hey Mar

လမ်းလယ်တုံးပေါ်ရပ်နေတဲ့ အမျိုးသားကို အရှိန်နဲ့ ကျော်တက်မောင်းနှင်လာတဲ့ ဆွမ်းဆန်စိမ်းအလှူခံကားက တိုက်မိလို့ ဦးခေါင်းပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ရန်ကုန်မြို့ သာကေတမြို့နယ်မှာ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သာကေတမြို့နယ် အနော်မာထိပ်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရသူ အမျိုးသားက တစ်ဖက်လမ်းကို ကူးဖို့အတွက် လမ်းလည်တုံး‌‌ပေါ်ရပ်ကာ ကားလမ်းအရှင်းကို စောင့်ဆိုင်းနေစဉ် လမ်းအ‌ပေါ်‌ကြောက‌နေ ကျော်တက်မောင်းနှင်လာတဲ့ အောင်ဇဗ္ဗူကျော် ပရဟိတစာသင်တိုက်မှ ဆွမ်းဆန်စိမ်းအလှူခံယာဉ်က ဘက်မှန်နဲ့အရှိန်ပြင်းစွာ တိုက်မိတာလို့ သိရပါတယ်။ အဆိုပါ တိုက်မိတဲ့အရှိန်ကြောင့် လမ်းလယ်တုံးပေါ်ကနေ ပြုတ်ကျပြီး မျက်နှာနဲ့ နောက်စေ့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကလည်း “အတိုက်ခံရသူက အနော်မာ ၃ လမ်းထဲနေတာ။ ကျွန်တော်တို့လည်း မျက်မှန်းတန်းမိနေတဲ့ အသက် ၅၀ ဝန်းကျင်အမျိုးသားပါ။ ဒဏ်ရာက ဦးခေါင်းပြင်းထန်ပေါ့။ ရန်ကုန်ဆေးရုံကြီးဆီ ပို့တာပါ။ ဆေးရုံရောက်မှ ဆေးကုနေစဉ် ဆုံးတာပါ။ ကားသမားလည်း ပူးပေါင်းဖြေရှင်းနေပါတယ်” လို့ MT News ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *