September 19, 2024

၂.၉ .၂၀၂၄
Written by Hey Mar

အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦး အကြော်ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် အမည်မသိလူတစ်စုက လုယက်သတ်ဖြတ်ကာ နေအိမ်အတွင်းက ရွှေထည်ပစ္စည်းတွေပါ ယူဆောင်သွားတဲ့ ဖြစ်စဉ် စက်တင်ဘာ ၁ ရက် မနက်အစောပိုင်းကရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဖြစ်စ‌ဉ်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကင်းမတီးကျေးရွာအုပ်စု၊ ကင်းမတီးအလယ်ရွာမှာ နေထိုင်တဲ့ အကြော်ရောင်းချသူ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်တင်မြင့် ဆိုသူမှာ နေအိမ်ရှေ့အကြော်ဆိုင်အတွင်း ဈေးရောင်းချရန်ပြင်ဆင်နေစဥ် အမည်မသိ လူတစ်စုရောက်ရှိလာပြီး ဒေါ်တင်တင်မြင့်ကို ချွန်ထက်တဲ့အရာနဲ့ ထိုးခုတ်သတ်ဖြတ်ကာ နေအိမ်အတွင်းမွှေနှောက်ရှာ‌ဖွေပြီး ဘီရိုအတွင်းက ရွှေထည် ပစ္စည်း(၂၀)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။

‌ကင်းမတီး ဒေသခံတစ်ဦးက “ဖြစ်စဉ်ကို အရပ်က သူနဲ့ အတူနေမြေးတွေ အော်ဟစ်ငိုယို ရွာလယ်လမ်းဆီမှာ အော်မှတွေ့ကြ သိကြတာ။ ရဲရောက်လာတော့ ရဲက သက်သေတွေ ဒဏ်ရာတွေ ကြည့်ပြီး တစ်ဦးတည်းက လုပ်တာမဟုတ်ဘူးလို့ သုံးသပ်သွားတယ်”လို့ MT News ကို ပြောပါတယ်။

လုယက်သတ်ဖြတ်ခံရတဲ့နေအိမ်မှာ သေဆုံးသူနဲ့ မြေးဖြစ်သူ လူမမယ်ကလေးတွေသာ ကျန်ခဲ့ပြီး ခင်ပွန်းဖြစ်သူက ညဘက် ငရုပ်ခင်းစောင့်ကာ ယာထဲ အိပ်ကြောင်း သက်ဆိုင်ရာ စစ်ဆေးမှုတွေအရ သိရပါတယ်။ လုယက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ကိုယ်ခန္ဓာအနှံ့ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး ရုပ်အလောင်းကို ဥက္ကံ တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ထားရှိကာ ပြစ်မှုကျူးလွန်သူတွေ ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *