September 19, 2024

သာမန်အိမ်ထောင်စုတစ်စုအနေဖြင့် ယူနစ် ၂၀၀ ခန့်အသုံးပြုလျှင် အလွှာလိုက်တွက်ချက်ရမည်ဖြစ်၍ ယခင်ထက် တစ်လစာမီတာခ ထောင်ဂဏန်းသာ အပိုကုန်ကျနိုင်ဟု သိရ

၁.၉.၂၀၂၄
Written By Zun

နှစ်စဉ်လျှပ်စစ်ပေးဝေရေးလုပ်ငန်းအနေဖြင့် ကျပ် ဘီလျံ ရာချီအရှုံးပေါ်နေသောကြောင့် မီတာခကို အရှုံးကာမိရုံ ဈေးနှုန်းတိုးခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ အရာရှိကြီးက MT News ကို ပြောသည်။

စက်တင်ဘာလ ၁ ရက်ကစ၍ ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

“ဓာတ်အားခတက်တယ်ဆိုတာကလည်း ဌာနကမတက်လို့မရတာ၊ အရှုံးနဲ့သွားရတာကိုး။ ဘီလျံနဲ့ချီပြီးရှုံးတယ်။မခံနိုင်ဘူးလေ။ နိုင်ငံတော်အစိုးရရဲ့မူဝါဒအရ အရှုံးတော့မခံနဲ့တော့။ နိုင်ငံတော်ကဖြည့်ဆည်းပေးဖို့ဆိုတာလည်းသိပ်မဟုတ်ဘူး။ မြတ်တဲ့အခါမြတ်မယ်။ ရှုံးတဲ့အခါဝန်ကြီးဌာနကရှုံးမယ်။ ရှုံးတဲ့ကာလကို မြတ်တဲ့ကာလနဲ့အစားထိုးရတယ်ဆိုတာကလည်း သိပ်ပြီးတော့ ဒါကစီးပွားရေးသဘောအရ၊ ဈေးကွက်သဘောအရ မဖြစ်ဘူးလေ။ အခုကမမြတ်တာတောင် မရှုံးအောင်လုပ်ကြဆိုတဲ့ မရှုံးတဲ့နှုန်းလေးနဲ့ ရအောင်လုပ်ကြဆိုတဲ့သဘောပါ။ အခုတင်တာကလည်း မရှုံးတဲ့နှုန်းလေးပဲထားတာပါ။အမြတ်ကိုမရသေးဘူး။ မြတ်ပြီးတော့စီးပွားရေးဖြစ်အောင် တွက်ချက်ပြီးလုပ်ထားတာမဟုတ်ဘူး။ စောနကပြောတဲ့ မရှုံးဘဲနဲ့ဈေးနှုန်းလေးချိန်ပြီးတော့ ဝန်ကြီးဌာနကလည်း မရှုံးအောင် အဲ့လိုပေါ့။ ဝန်ကြီးဌာနရှုံးတော့လည်း နိုင်ငံတော်ကရှုံးတာပဲလေ။ အရှုံးကိုကာမိနိုင်အောင်အဲ့လိုလုပ်တဲ့ အပိုင်းလေးပဲ။ ချိန်ချိန်ဆဆ နှစ်နဲ့ချီပြီး စဉ်းစားပြီးတော့ တွက်ချက်ပြီးတော့ လူကြီးတွေအကြိမ်ကြိမ်စဉ်းစားပြီးတော့မှ လူကြီးခွင့်ပြုလို့ ကြေညာလိုက်ရတာ။ ပြီးခဲ့တဲ့နှစ်ကဆိုင်ရင် ဝန်ကြီးဌာနတစ်ခုလုံး ကျပ်ဘီလျံ ၃၆၀ လောက် ရှုံးတယ်။ အဲ့ဒါက မခံနိုင်တော့ဘူး။ အဲဒီလို ဘီလျံ ရာနဲ့ချီပြီးတော့ရှုံးတာဟုတ်တယ်။ ဘယ်လိုခံနိုင်မလဲ။ နိုင်ငံတကာနဲ့ ယှဉ်ရင် ဒါကများတယ် လို့တော့ မဟုတ်သေးပါဘူး။ နိုင်ငံတကာနဲ့ဆို ကျွန်တော်တို့ရဲ့ဓာတ်အားခနှုန်းထားက မများသေးဘူးလို့ယူဆလို့ရပါတယ်။ အဲ့လိုတော့ရှိပါတယ်”ဟု ယင်း အရာရှိကြီးကပြောသည်။

သို့သော်လည်း သာမန်အိမ်ထောင်စုတစ်စုအနေဖြင့် ယူနစ် ၂၀၀ ခန့်သာအသုံးပြုကြသောကြောင့် ယင်းကို သတ်မှတ်နှုန်းအသစ်အတိုင်း အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်ကို အလွှာလိုက်တွက်ချက်ပါက မူလထက် တစ်လလျှင် ပိုပေးရမည့်မီတာခစရိတ်မှာ ၅၀၀၀ ကျပ်ခန့်သာရှိမည် ဖြစ်ကြောင်း သိရသည်။

“အလွှာလေးတွေရှိပါတယ်။ အလွှာအလိုက်သုံးပြီးတော့ အလွှာလိုက် တွက်ချက်သွားတာပါ။ သူက တစ်ယူနစ်ကနေ ၅၀ အထိကိုဘယ်လောက်၊ ၅၀ ကနေ ၁၀၀ အထိကိုဘယ်လောက်၊ ၁၀၀ ကနေ ၂၀၀ အထိကို ဘယ်လောက် ဆိုပြီး အဲဒါမျိုးရှိပါတယ်။ သာမန်အိမ်တစ်အိမ်က တစ်ယူနစ်ကို တစ်လ ၂၀၀ မကျော်ပါဘူး။ တစ်လွှာ၊ နှစ်လွှာက အများဆုံးပါ။ ဥပမာ- အဲကွန်းမသုံးတဲ့အိမ်ဆိုရင် ၁၀၀ အောက်ပဲကျနိုင်မယ်။ ယူနစ် ၁၀၀ အောက်ပေါ့။ ဒီပြင်ဟာတွေသုံးတယ်၊ အဲကွန်းမသုံးသော်လည်းရေခဲသေတ္တာတွေဘာတွေသုံးမယ်ဆိုတာက ချက်တယ်ပြုတ်တယ်။ ဒီပြင် ဟာတွေ ဘာညာဆို ၁၅၀ ပေါ့။ အများဆုံး အဲကွန်းတစ်လုံးလောက်၊ နှစ်လုံးလောက်သုံးတဲ့အိမ်ထောင်စုကနည်းနည်း ခြိုးခြံသုံးမယ်ရင် ၂၀၀ လောက်ပေါ့။ ကိုယ်သုံးချင်သလောက်သုံး။ အဲလိုသုံးတာကို အလွှာလိုက် တွက်ရင် ပြည်သူလူထု အဲ့ဒီလောက်မထိခိုက်ပါဘူး”ဟု ၎င်းက ရှင်းပြပေးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်အရတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံတိုးမြှင့်ကောက်ခံမည့် နှုန်းထားများမှာ အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်နှင့် ၂၀၀၀၁ ယူနစ်အထက် ကျပ် ၅၀၀ ကျပ် ဖြစ်ကြောင်း သိရပြီး တိုးမြှင့်လိုက်မှုမှာ ပြီးခဲ့သည့် ဩဂုတ်လက လျှပ်စစ်မီတာခနှုန်းထားထက် အမြင့်ဆုံးနှုန်းမှာ ၂၄၀ မှ ၂၈၀ ရာခိုင်နှုန်းကြားရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *